(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံထားရသည့် နိုင်ငံ ရေးအကျဉ်း သား ကိုဝင်းမြင့်စိုးသည် ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုံလောက်စွာမရရှိ သောကြောင့် မတ်လ (၁၃) ရက်နေ့က သေဆုံးခဲ့ရသည်ဟု မိသားစုနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောသည်။
“ရောဂါစဖြစ်တာ တစ်နှစ်ကျော်တယ်။ ဆေးကုသခွင့်ရပေမယ့် အသည်းခြောက်တာ၊ ရေဖျင်းဆွဲတာက အပြင်မှာ နေတဲ့သူတောင်မှ မလွယ်ဘူးလေ။ထောင်ဆိုတော့ ကန့်သတ်ချက်ရှိတာပေါ့ ဆေးကုသခွင့်က ထောင်ကျနေတဲ့ တစ်ယောက် နိုင်ငံရေးအကျဉ်းသားတယောက်ဆိုတော့ အပြင်ကလို လွတ်လွတ်လပ်လပ်၊ ထိထိရောက်ရောက် ကောင်းမွန်စွာ ကုသခွင့်မရှိဘူးလေ” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသားတဦးက ပြောသည်။
အသက် (၅၄) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးသည် ကလေးအကျဉ်းထောင်အတွင်း ပြစ် ဒဏ်ကျခံနေရ စဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်းဝေဒနာ ပြင်းထန်စွာခံစားခဲ့ရပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံမှဆင်းခွင့်ရပြီး ထောင်သို့ ပြန်ရောက်သည့်ညမှာပင် အသက်ရှူကျပ်ကာ ဝေဒနာပြန်လည် ပြင်းထန်လာသောကြောင့် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ ရပြီး ဆေးရုံအချုပ်ဆောင်တွင် ကုသနေစဉ်အတွင်း သေဆုံးခဲ့ရ ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဩဂုတ် (၁၅) ရက်တွင် ကိုဝင်းမြင့်စိုးသည် ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ – က တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်သည် ဟု သိရသည်။
ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ သော်လည်း ထောင်အာဏာပိုင် များက “သေမှုသေခင်းအတွက် ရဲလာမည်ဖြစ်၍ အလောင်းပြန်ပေး၍မရကြောင်း” နှင့် “အလောင်းရလိုပါက တရားရုံး သို့သွားရမည်” ဟူသော အကြောင်းပြချက်များဖြင့် မိသားစု၏ဆန္ဒကို ပယ်ချခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မတ်လ (၁၅)ရက်နေ့တွင် ကလေးမြို့၊ ကံပုလဲသုသာန်၌ အာဏာပိုင်များ၏ အစီအစဉ်ဖြင့်သာ မီးသင်္ဂြိုဟ်ခဲ့ ကြောင်း သိရှိရသည်။
ကလေးမြို့ အကျဉ်းထောင်တွင် စစ်အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း ထောင်တွင်း လုံလောက်စွာ ဆေးဝါးကုသ ခွင့်မရသောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး အပါအဝင် အသက် (၃၉) နှစ်အ ရွယ် ဦးချစ်ဖူး၊ အသက် (၄၅) နှစ် အရွယ် ဦးကြည်ရအောင်၊ အသက် (၃၀) အရွယ် ကိုပေါင်ရှင်းမုန် နှင့် ချင်းတော်လှန်ရေးတပ် – CNDF တပ်ဖွဲ့၀င် ဆလိုင်းဗန်ဗျက်ဟင်မ်းတို့သေဆုံးခဲ့ရပြီးဖြစ်သည်။
ကိုဝင်းမြင့်စိုး သေဆုံးခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဆေးကုသခွင့် ပိတ်ပင်ထား ခြင်း၏ အကျိုးအဆက်သာဖြစ်ကြောင်း၊ အကျဉ်းထောင်တွင်း လူမဆန်သည့် လုပ်ရပ်များ အတွက် စစ်ကောင်စီနှင့် ထောင်အာဏာပိုင်များတွင် တာဝန်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ထုတ်ပြန်ထားသည်။

