(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် သွေးသစ္စာသီချင်းသီဆိုကာ အကျဉ်းသား များ အခွင့်အရေးတောင်းဆိုခဲ့ကြသည့် အကျဉ်းသူအမျိူးသမီး (၁၅) ဦး တိုက်ပိတ်ခံထားရသည်ဟု သိရသည်။
ကလေးမြို့ နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူက “မနေ့က ကလေးထောင်မှာရှိတဲ့ အမျိုးသမီး အ ဆောင်မှာပဲ အမျိုးသမီးတွေသီးသန့်ပဲလုပ်တာ။ သူတို့က သွေးသစ္စာ သီချင်းဆိုတယ်။နောက်ပြီးတော့ သူတို့ရဲ့လိုလားချက်တွေ တောင်းဆိုတယ် အဲဒါကြောင့် (၁၅) ယောက် တိုက်ပိတ်ခံရတယ်လို့ ကြားရတယ်” ဟု ပြောသည်။
အာဏာသိမ်း (၅) နှစ်ပြည့် ဖေဖော်ဝါရီလ (၁) ရက်နေ့က ကလေးမြို့အကျဉ်းထောင်ထဲက အမျိုးသမီးအဆောင်တွင် တော်လှန်ရေးသီချင်း သွေးစ္စာသီဆိုကာ အမှုကြီး (၉) မှု ပယ်ကာ ဖျက်သိမ်းရေး၊ အကျဥ်းသား/ အကျဉ်းသူ တန်းတူ အချိုး ရရှိရေး၊ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး ဟု အချက် (၃) ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ကလေးမြို့အကျဉ်းထောင်ဝန်ထမ်းများသည် နိုင်ငံရေး အကျဉ်းသူများအား အလုပ်ကြမ်းခိုင်းစေခြင်း၊ ဆေးဝါးကုသခွင့် မပေးခြင်းအပြင် အလုပ်မလုပ်နိုင်သူများအား ငွေကြေးမတရား တောင်းဆိုမှုများရှိနေသည်ဟုသိရသည်။
အကျဥ်းထောင်အတွင်း တိုက်ပိတ်ခံထားရသည့် အကျဥ်းသူများ၏ လုံခြုံရေးအခြေအနေ၊ စိုးရိမ်နေရမှုများအပေါ် ပြည်သူများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အလေးထား၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက် – PPNM က အသိပေးထားသည်။
ကလေး အကျဉ်းထောင်တွင် အကျဉ်းသား စုစုပေါင်း လူဦးရေ (၁၆၀၀) ခန့်ရှိသည်ဟု သိရပြီး နိုင်ငံရေးအကျဉ်းသား လူဦးရေ စုစုပေါင်း (၅၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။

