(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-ဂန့်ဂေါကားလမ်းမ ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်နေသည်ဟု သိရသည်။
ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထာသော စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်ညကစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေ သည်ဟု သိရသည်။
ကလေးမြို့နယ် တောင်ပိုင်းဒေသခံတဦးက”တိုက်ပွဲဖြစ်နေပါတယ်၊ ဒီမနက်က Y-12 နဲ့ကြဲသွားတယ် အခု တိုက် လေယာဉ်နဲ့လည်း ကြဲနေတယ်။ မြေပြင်မှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညနေ (၇) နာရီထိုးမှာ တိုက်ပွဲစတာ အခု ချိန်အထိမနားသေးဘူး၊ ဒီနေ့လည်း တနေကုန်လောက်ချမယ်ထင်တယ်”ဟုပြောသည်။
ကဗ္ဗနီမြစ်ကူးတံတားသည် ကလေးမြို့နယ်တောင်ပိုင်း ဆည်တောကျေးရွာအလွန် နန်းကသည်းချောင်း(မဏိပူရမြစ်) အား ဖြတ်ကူးထားသည့် တံတားဖြစ်ပြီး ကလေးမြို့မှ ပြည်မဘက်သွားရာတွင် အဓိကအသုံးပြုသည့် တံတား ဖြစ်သည်။
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီလကုန်ပိုင်းကစ၍ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။