(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင်ရှိသည့် ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများခဲ့ကြောင်း သိရသည်။
“မနေ့က Y-12 နှစ်စီးတနေကုန် ပတ်ပြီးတော့ ကြဲတယ်။ ဂျက်ဖိုက်တာနဲ့ ရှစ်ခေါက်လာတယ်။ ပေါင် (၅၀၀) နဲ့လည်း ကြဲတယ်။ ကျွန်တော်တို့ ကာကွယ်ရေးဖက်က ကဗ္ဗနီနေရာ သိမ်းလိုက်ပြီ။ စစ်ကောင်စီဖက်ကတော့ (၃၀) လောက်ကျ တယ်လို့ပြောတယ်။ မြေပြင်သတင်းမှာက လက်နက်ခဲယမ်း (၂၀) ရတယ်” ဟု တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီနဲ့ ပျူစောထီးများ တပ်စွဲထားသော ကလေး-ဂန့်ဂေါကားလမ်းမပေါ်က ကမ်းပါးနီစခန်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများကြားမှ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်က စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတောင်ပိုင်းက တင်သားကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ ပြည်သူနေအိမ် (၁၇) လုံးခန့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကာ နေအိမ် (၆) လုံးမှာ တစစီ လွင့်စင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယနေ့ ဖေဖော်ဝါရီလ (၁၃) ရက် မနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဆည်တောကျေးရွာ၊ ဟားခါးလေးကျေးရွာတို့အား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ (၁၀) ထက်မနည်းက ပြည်သူ တစ်သောင်းကျော်တို့သည် စစ်ဘေးတိမ်းရှောင်ကြရသည်။