ပျက်စီးနေသည့်ကာလမ်းများကို ကိုယ်ထူကိုယ်ထဖြင့်ပြုပြင်နေကြရ
(004SS)
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးအသုံးပြု၍ မရသောကြောင့် ရှောင်ကွင်းလမ်းများမှသွားလာနေရသည့်အတွက် ခရီးသွားလာစရိတ်သည်လည်း အဆမတန်မြင့်တက်နေပြီး လူတစ်ဦးလျှင် ယာဉ်စီးခ ကျပ် ၂ သိန်းခန့်ရှိသည်ဟု သိရသည်။
ကလေးမြို့မှ တီးတိန်မြို့သို့ ကားဖြင့်သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျှင် အတက်- ကျပ် ၂ သိန်း၊ အဆင်း- ကျပ် တစ်သိန်း ရှစ်သောင်းအထိပေးရပြီး ဆိုင်ကယ်အငှားဖြင့် သွားပါကလည်း တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲ မှ တစ်သိန်းရှစ်သောင်းအကြားပေးရသောကြောင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု ဒေသခံများကပြောသည်။
တီးတိန်မြို့ဒေသခံ အမျိုးသားတစ်ဦးက “ကားခတွေတက်တော့ တန်ဆာခတွေတက်လာတယ်၊ ကုန်းဈေးနှုန်းတွေ တက်လာ တယ်။ အရေးပေါ် အခြေအနေတွေမှာဆိုရင် အချိန်မမှီနိုင်တာမျိုးတွေကြုံရတယ်။ အခုချိန် အားလုံး ဝင်ငွေရှားပါနေတဲ့ အချိန်ဆိုတော့ Daily Worker တွေဆိုရင် အရမ်းခက်ခဲနေကြတယ်။ ပြီးတော့ ကားတွေ ပုံမှန်မဝင်နိုင် တော့ အခြေခံကုန် ပစ္စည်းတွေနှင့် ဆေးဝါးတွေ ပြတ်လတ်တာမျိုးလည်းကြုံတွေ့နေရတယ်” ဟု ပြောသည်။
ကလေးမြို့မှ တီးတိန်မြို့သို့ဆက်သွယ်ရာတွင် အဓိကအသုံးပြုနေကြသည့် ကလေး-သိုင်းငင်း-တီးတိန်ကားလမ်းမကြီးသည် စစ်ကော်မရှင်တပ်က ကလေးမြို့အထွက် ၉ မိုင်တွင် ပိတ်ထားသောကြောင့် ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်း ရွာချင်းဆက် မြေနီလမ်းများမှတဆင့် သွားရာနေရသည်ဟု သိရသည်။
ထို့ကြောင့် ယခင်က ခရီးသည်တင်ကားဖြင့် ၃ နာရီခန့်သာ ကြာမြင့်ခဲ့သည့် ကလေး-တီးတိန် ပုံမှန်ခရီးသည် ယခုအခါ တစ်ညအိပ် ခရီးသွားရသည်အထိ အချိန်ကြာမြင့်လာနေပြီး၊ ကုန်တင်ကားများမှာမူ ဝေဘူလလမ်းဘက်မှတဆင့် သွားလာ ကြသည့်အတွက် ၂ ရက်မှ ၃ ရက်အထိ အချိန်ကုန်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ကလေး-တီးတိန်သို့သွားရန် ကုန်တင်ကားများသည် ဝေဘူလလမ်းကို အသုံးများကြပြီး လူစီးကားများမှာ တီးတိန် – တွီးဆောက် – ကလေး လမ်းကို အသုံးပြုကြရသည်ဟု သိရသည်။
ဆိုင်ကယ်ဖြင့်သွားလာသူများသည် လူသွားလမ်းမျှသာကျယ်သော တောလမ်း၊ ဖြတ်လမ်းများကို အသုံးပြုနေကြသည်ဟု သိရသည်။
ယခုလက်ရှိတွင်လည်း အဆိုပါအသုံးပြုသည့် ကားလမ်းများသည် ယိုယွင်းပျက်စီးနေပြီး ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေကြရသည်ဟု သိရသည်။
“ကလေး-တီးတိန် ခရီးစဉ်အတွက် ကျွန်တော်တို့ အဓိက အသုံးပြုနေရတဲ့ လမ်းပိုင်းကို လက်ရှိ ပြန်လည်ပြုပြင်နေပါတယ်။ ဘယ်သူ့ဆီကမှ တင်ဒါယူပြီး လုပ်နေတာ မဟုတ်သလို ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ဆီကမှလည်း ဘတ်ဂျက်ယူပြီး လုပ်နေ တာ မဟုတ်ပါဘူး။ လမ်းအခြေအနေကို စိုးရိမ်တဲ့ ကျွန်တော်တို့ ဒေသခံပြည်သူတွေရဲ့ တစ်ပြားနှစ်ပြား စုပေါင်း လှူဒါန်းထား တဲ့ ငွေလေးတွေနဲ့ပဲ လုပ်နေရတာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကားကြီးတွေ မသွားနိုင်သေးရင် တောင် (Surf) လိုမျိုး ကားလေးတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့၊ ဖျားနာတဲ့သူတွေ၊ အရေးကြီးတဲ့ ကိစ္စတွေမှာ အချိန်မီ ရောက်ရှိနိုင်ဖို့၊ အားလုံးသော ပြည်သူတွေ အကျိုးရှိဖို့ ရည်ရွယ်ပြီး ပြုပြင်နေတာပါ။” ဟု ကားလမ်းပြုပြင်နေသူ တီးတိန်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ကားလမ်းများပြုပြင်ရာတွင် အဓိကအားဖြင့် မြေထိုးစက် JCB ကို တစ်နာရီလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ငှါးရမ်းပြီး နာရီပေါင်း ၁၂၀ ကျော် လုပ်ဆောင်ပြီးဖြစ်ကာ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း ၂၀၀ ကျော်ပေးချေရမည်ဖြစ်သော်လည်း အလှူငွေ သိန်း ၅၀ ခန့်သာရရှိသေးသည့်အတွက် ငွေရေးကြေးရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

