(005MK)
ပလက်ဝစစ်ဘေးရှောင်အများစုနေထိုင်ကြသော မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ကာကီကျေးရွာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦး ယနေ့ မနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့သည်။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်၊ ၉ ရက် နှင့် ၁၁ ရက်နေ့တို့က ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ ကြပြီးဖြစ်သည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်တွင် အသက် ၁၄ နှစ်အရွယ်ရှိသော Chawlithaw ထပ်မံသေ ဆုံးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြသည်။
အလားတူ ရှာဟာခရိုင် Lungdar ကျေးရွာမှာလည်း ယနေ့မနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကာကီကျေးရွာတွင် ဝမ်းရောဂါကူးစက်မှုကြောင့် လက်ရှိမှာလည်း လူနာအယောက် ၃၀ ကျော်ရှိနေကြောင်းသိရသည်။ ကျေးရွာလူငယ်အဖွဲ့က ကာကီကျေးရွာကို Lockdown ချထားပြီး ကျန်းမာရေးဌာနကလွဲ၍ မည်သူမျှ ဝင်ထွက်သွားလာ ခွင့်မပြုကြောင်း သိရသည်။
ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။

