By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှုသည် (၅၇) ရာခိုင်နှုန်းကျော် ပြီးစီးပြီဟု ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်လျှပ်စစ်စက်မှုဝန်ကြီး ဦးစိုးထက်နှင့် ချင်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကံတင့်တို့မှ ကုလားတန်မြစ်တည်ဆောက်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တံတားတည်ဆောက်ရေးအထူးအဖွဲ့ (၁) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ ရှင်းလင်းတင်ပြခဲ့ရာ တစ်စင်းလုံး၏ (၅၇) ရာခိုင်နှုန်း ပြီးစီးကြောင်းတင်ပြခဲ့သည်။
ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့က ဒီကုလားတန်မြစ်ကြီးခံနေတဲ့အတွက် ကုလားတန်မြစ်အနောက်ဖက်နှင့် အိန္ဒိယနယ်စပ် ဘင်္ဂလားဒရှ်နယ်စပ်မှာရှိတဲ့လူတွေတော်တော်များများက ကားတောင်မှမတွေ့ဖူးဘူး၊ ကားတောင်မှမစီးဖူးဘူး၊ အခုဒီကျောက်တော်နှင့် ပလက်ဝကားလမ်းပြီးပြီ၊ မတူပီနှင့် ပလက်ဝကားလမ်းပြီးတဲ့အတွက် ဒီကုလားတန်မြစ်ရဲ့အနောက်ဖက်မှာတော့ ကားတွေသွားလာနေတာပေါ့၊ ဒီကုလားတန်မြစ်ကူးတံတားပြီးသွားရင်တော့ ဒီကုလားတန်မြစ်အနောက်ဖက်မှာရှိတဲ့ ရွာခြင်းဆက်လမ်းတွေကို အခုဖောက်တဲ့ ကားလမ်းတွေကနေပြီးတော့ ကျေးရွာလူထုတွေကိုလည်း သယ်ယူပို့ဆောင်ရေးတွေလုပ်နိုင်မှာပေါ့၊ လူနေမှုအဆင့်တွေဖွံ့ဖြိုးလာမှာပေါ့” ဟု ပြောသည်။
ယင်းမြစ်ကူးတံတားသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန်ရည်ရွယ်ထားသော်လည်း ဘတ်ဂျက်ပေါ်မူတည်ကြောင်း လက်ရှိတွင် ဘတ်ဂျက် ကျပ်ငွေ (၁၂) ဘီလီယံ လိုနေသေးကာ ၎င်းအတွက် ပြည်ထောင်စုအစိုးရမှတစ်ဝက်နှင့် ချင်းပြည်နယ်အစိုးရမှ တစ်ဝက်ဆောင်ရွက်ရန်လျာထားခဲ့ကြောင်းလည်း ၀န်ကြီးကပြောသည်။
ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆ နှစ်ကုန်ပိုင်းကစ၍ တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ထားပြီး ကျပ်ငွေ (၂၇) ဘီလီယံ အသုံးပြုနေကြောင်းလည်းသိရသည်။ (ဓာတ်ပုံ – ပလက်ဝ ပြန်/ဆက်)