(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် (AA) ၏ အကူအညီနှင့် “ချင်းညီနောင် စစ် ဆင်ရေး”အဖြစ် ဖော်ဆောင်နေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ယနေ့ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်သည်။
“ချင်းညီနောင် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်နေသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီမှ မည်မျှပင် အင်အားဖြည့်တင်းပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စေကာမူလုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း ချင်းညီနောင်က ဆိုသည်။
မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက် ပွဲတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် (AA) ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့တွင် PDF – Zoland ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ CDF – မင်းတပ်၊ မရာလဲန်းကာကွယ်ရေးအဖွဲ့ (MDF)၊ CDF- ကန်ပက်လက်နှင့် CDF – မတူပီ၏ တပ်မဟာ (၁) တို့ ပါဝင်သည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF ပူးပေါင်းတပ်များနှင့် PDF အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စတင်တိုက်ပွဲ ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီစခန်းသိမ်းပိုက်ခါနီးတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ စစ်ကူအင်အား ထပ်မံဖြည့်တင်းခြင်းများကြောင့် အနည်းငယ်နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကျင်ဒွေးမြို့နှင့် ၁ ကီလိုမီတာ အကွာ အရှေ့ဘက်ကားလမ်းတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့ကို ပတ်လည်ပိတ်ဆို့တိုက်ခိုက်နေခဲ့ရာ မတ်လ ၂၃ ရက်တွင် မြို့၏ အရှေ့မြောက် ၈ ကီလိုမီတာအကွာမှာ စစ်ကောင်စီက ဟတ်စကီး (၂) စီးဖြင့် (၆) ကြိမ်တိုင်အောင် စစ်အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းလာခဲ့ကြောင်း သိရသည်။
ယင်းတပ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မတ်လ ၂၇ ရက်တွင် ကျင်ဒွေး – ကန်ပက်လက်၊ ကျင်ဒွေး- လောင်းရှည် လမ်းဆုံတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျင်ဒွေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် တပ်ကူစစ်ကြောင်းတို့ကို နှစ်နေရာစလုံးတွင်ပိတ်ဆို့ တိုက်ခိုက်နေခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူများ အဆက်မပြတ် လာရောက်တိုက်ခိုက်နေသော်လည်း ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မတ်လ ၃၁ ရက်တွင် တပ်ကူစစ်ကြောင်းသည် လောင်းရှည် (ကပစ) ထဲ ပြန်လည်ဝင်ရောက်သွား ခဲ့ကြောင်း သိရသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေခဲ့ပြီး ဧပြီလ ၁၆ ရက်မှစတင်၍ စစ်ကောင်စီက အင်အား ထပ်မံဖြည့်တင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ပစ်ခတ် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ကျေးရွာများကိုပါ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာရှိ စာသင်ကျောင်းများနှင့် အရပ်သား နေအိမ်များ ပျက်စီးကာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက်က ကန်ပက်လက်မြို့နယ်၊ အုံရွာ၊ လွီးစုံရွာနှင့်ကောက်ဆောင်းရွာများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်း ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ခိုနူမ်းသုန်ကို ပြောသည်။
ဧပြီလ ၂၀ ရက်တွင် ကျင်ဒွေးမြို့၏ အနောက်တောင်ဘက် ၅ ကီလိုမီတာ အကွာတွင် စစ်ကောင်စီ၏ ဟတ်စကီး ၂ စီးဖြင့် (၈) ကြိမ်၊ စစ်အင်အား ၁၆၀ ကျော်ကို ထပ်မံ ဖြည့်တင်းလာသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ကျင်းဒွေမြို့သိမ်းတိုက်ပွဲကို PDF နှင့် CDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာမှ လက်ရှိတွင် “ချင်းညီနောင် စစ်ဆင်ရေး” အဖြစ် သတ်မှတ်ကာ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့ရာ မြို့သိမ်းတိုက်ပွဲမှာ ၄ လကျော် ကြာမြင့်လာပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု များလည်း များပြားကြောင်း သိရသည်။