(002MG)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကျင်ဒွေးတံတားအား ပြုပြင်ထိန်းသိမ်းနေကြသော အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) က သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်သည် ကျင်းဒွေးမြို့ကို ယမန်နေ့ဧပြီလ ၂၉ ရက် မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်တွင် တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး မုန်းချောင်းဖြတ်ကူးသော ကျင်ဒွေးတံတားကို ပြုပြင်ထိန်းသိမ်းနေကြ သည့် အရပ်သားများသေဆုံးခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၃၇) နှစ်အရွယ် ဦးထိန်လင်း၊ အသက် (၃၀) နှစ်အရွယ် ဦးသောင်း ဖေ၊ အသက်(၅၅) နှစ်အရွယ် ဦးပြည့်ဖြုးအောင်၊ အသက်(၅၀) နှစ်အရွယ် ဒေါ်မထွေး၊ အသက် (၄၄) နှစ်အရွယ် ဦးမောင်လုံး၊ အသက် (၃၇) နှစ်အရွယ်ဌေးအောင်၊ အသက် (၃၈) နှစ်အရွယ် ဦးခင်အောင်၊ အသက် (၃၇) နှစ်အရွယ် ဦးကွီးထုံနှင့် အသက် (၃၇) နှစ် ဦးပြည့်အောင် တို့သေဆုံးခဲ့ကြသည်။
ထို့အပြင် အသက် (၃၀) နှစ်အရွယ် ဦးအောင်ခိုင်၊ အသက် (၂၅) နှစ်အရွယ် ဦးနေထွန်းအောင်၊ အသက် (၃၇) နှစ် ဦးအောင်ဝင်း နှင့် ဦးကျော်ဟိန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟုသိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် JCB စက်ကြီး (၁) စီး၊ Dayan ကား (၁) စီးနှင့် KENBO R ဆိုင်ကယ်(၄) စီး တို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် လက်ရှိအချိန်အတောအတွင်း မိမိတို့နေအိမ်၊ ဈေးဆိုင်မျာတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင့်သင့်ထားရှိကာ လေကြောင်းသတိထားနေကြရန် ချင်းပြည်သူ့အစည်းအရုံးက သတိပေးထုတ်ပြန်ထားသည်။

