(002MG)
အာဏာသိမ်းစစ်တပ်သည် ကလေး- တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ် ရေးယန္တရားလုပ်ငန်းပြန်လည်စတင်သော်လည်း စစ်ဘေးရှောင်ပြည်သူအများစုမှာ နေရပ်မပြန်ရဲကြသေး ကြောင်း သိရသည်။
“အခုထိတော့မြို့ရဲ့ (၅) ပုံ (၁) ပုံလောက်ပဲရှိအုံးမယ်။အမှတ် (၂) ကတော့ ၃၀၀ ကနေ ၄၀၀ လောက် ရောက် ပြီလို့ ပြောတယ်။ အမှတ် (၁) ကတော့ လုံးဝမပြန်ဖြစ်သေးဘူး။ အမှတ် (၃)၊ အမှတ် (၄) တို့က ပြန်တဲ့သူတွေ ရှိတော့ ရှိတယ်အဲ့လောက်ကြီးများဘူး၊ အယောက် (၁၀၀) ဝန်းကျင်လောက်ပဲ ရှိမယ်။ တော်တော်များများမပြန်ဘူး။ တချို့က သူတို့ စကစတွေ ရှိနေကြတယ်ဆိုတော့ လူငယ်ရှိတဲ့ မိသားစုတွေပေါ့ ဥပမာ- ၁၄ နှစ်၊ အနှစ် ၂၀ ကြားသားသမီးတွေ ရှိတဲ့သူတွေကတော့ သိပ်မပြန်ရဲကြဘူး။ တချို့အိန္ဒိယနယ်စပ်မှာ သွားနေကြတဲ့သူတွေက မပြန်တော့ပဲနဲ့ မီဇိုရမ်ဖက်မှာ ရောက်တဲ့ သူတွေလည်း ရှိတယ်။” ဟု ခမ်းပတ်မြို့စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးမှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ (၁) ရက်နေ့က ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်တပ်လက် အောက်ခံ ဌာနဆိုင်ရာဝန်းထမ်းများကို စေလွှတ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများလည်း နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ခမ်းပတ်မြို့ပေါ်တွင် ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိကာ ခန့်မှန်းခြေ အိမ် ထောင်စု (၃,၀၀၀)မှ (၄,၀၀၀) အကြားရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်။
လက်ရှိအထိ အမှတ် (၂) ရပ်ကွက်တွင်နေရပ်ပြန်သူအများဆုံးဖြစ်ပြီး အခြား ရပ်ကွက်တို့တွင်အနည်းငယ်စီ ပြန်ဝင်လာသူများရှိသည်ဟု ခမ်းပတ်မြို့စစ်ဘေးရှောင်များကူညီကယ် ဆယ်ရေးနှင့် စောင့်ရှောက်ရေး တာဝန်ရှိသူထံမှ သိရသည်။
ယခုလက်ရှိတွင် ကလေး – ခမ်းပတ်ကားလမ်းပိုင်းယာဉ်စီးခသည် လူတစ်ဦးလျှင် (၅၀,၀၀၀) ကျပ်အထိရှိ နေသော ကြောင့် မိသားစုဝင်များသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရပ်ပြန်ရန် လမ်းစရိတ် အခက်အခဲများ ကြုံတွေ့နေကြရ သည်ဟုသိရသည်။
အာဏာသိမ်းစစ်တပ်သည် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး – တမူးလမ်း ကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဇွန်လ ၇ ရက်နေ့မှ တမူးမြို့နှင့် ကလေးမြို့ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ကာ မြေပြင်သာလွန်အင်အားအများအပြားနှင့် လေကြောင်း တိုက်ခိုက်မှုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် ဇူလိုင်လကုန်းပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

