(005MK)
အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခိုင်ခီကျေးရွာက မရာလူငယ်အဖွဲ့ MTP ကုန်သွယ်ရေးဂိတ်ကို ရခိုင်လှေသမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရခိုင်ဘက်သွားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို မာရာ လူငယ်အဖွဲ့-ဌာနချုပ် (MTP) က ယာယီပိတ်ပင်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီကျေးရွာ မရာလူငယ်အဖွဲ့ MTP ဌာနခွဲဂိတ်ကို ရခိုင်လှေလုပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု မာရာလူငယ်အဖွဲ့-ဌာနချုပ် (MTP) က စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်နေ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပကာ ရခိုင်လှေလုပ် သားများ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြသသည့်အနေဖြင့် ရခိုင်ဘက်သို့ ဦးတည်သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို စက်တင်ဘာလ ၁၆ ရက် ည ၇:၀၀ နာရီမှစ၍ ယာယီ ပိတ်ထားလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပင်မှုတွင် Lodaw၊ Lomasu နှင့် Khaikhy ကုန်သွယ်ရေးလမ်းကြောင်းများသာ ပါဝင်သည်ဟုဆိုသည်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha ခရိုင် ခိုင်ခီကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်ပစ္စည်းသယ်ယူရေး ကိစ္စ နှင့်ပတ်သက်၍ မရာလူငယ်အဖွဲ့ MTP နှင့် ရခိုင်လှေလုပ်သားများအကြား အငြင်းပွားမှုဖြစ်ပွားကာ အခြေအနေတင်းမာ လာပြီးနောက် ရခိုင်လှေလုပ်သားများက MTP ဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
ခိုင်ခီ နယ်စပ် ကုန်သွယ်ရေးသည် မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ အိန္ဒိယ ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်သည့်ဒေသတစ်ဖြစ်ကြောင်းသိရသည်။

