(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းညီနောင်စစ်ဆင်ရေးတွင် အညာညီနောင်နှစ်ဖော်ဖြစ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
ထင်းရှာသည့် လက်နက်ကိုင်တော်လှန်ရေးခေါင်ဆောင် ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာလ ၁၇ ရက်တွင် “ပုလဲမြို့သိမ်းစစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်” တွင် ယင်းသို့ အသိပေးသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သိမ်း စစ်ဆင်ရေးကိုဖော်ဆောင်ရာတွင်လည်း ချင်းညီနောင် စစ်ဆင်ရေးနှင့် ချိတ်ဆက်၍ Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအတိုင်းအတာအထိ အောင်မြင်မှုများ ရရှိခဲ့ကြောင်း BNRA က ဆိုသည်။
ချင်းညီနောင် စစ်ဆင်ရေးတွင်လည်း အညာညီနောင် နှစ်ဖော်ဖြစ်သည့် BNRA နှင့် GZA တို့ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း ပြည်သူ လူထုကို လေးစားစွာ အသိပေးအပါသည်ဟု ထုတ်ဖော်ချက်တွင် ဖော်ပြသည်။
နိုဝင်ဘာလ ၁၁ ရက်က စတင်သည့် ပုလဲမြို့သိမ်းစစ်ဆင်ရေးတွင် ထွေအုပ်ရုံး၊ မြို့မရဲစခန်းတို့ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်တွင် မြေပြင်စစ်ကူကို ဖြတ်တောက်နိုင်သော်လည်း လေကြောင်းပစ်ကူများနှင့် ဝေဟင်မှ တပ်အင်အား စစ်ကူချခြင်းတို့ကြောင့် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၂၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ BNRA မှ ရဲဘော် ၉ ဦး ကျဆုံးပြီး BNRA မှ ရဲဘော် ၁၀ ဦးနှင့် GZA မှ ရဲဘော် ၁ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးတွင် နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးလေတပ်တို့မှ လေကြောင်း အခေါက်ရေ ၇၀ ကျော် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးကို BNRA မှ ဦးဆောင်ခဲ့ပြီး မိတ်ဖက်အညာညီနောင် GZO နှင့် Southern Yesagyo (SYSO) တို့ ပါဝင်ကြောင်း သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့က စစ်ကောင်စီစစ်စခန်းများကို တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်သည့် ချင်းညီနောင် စစ်ဆင်ရေးတွင် ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ချင်းညီနောင်က နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သည်။
ချင်းပြည်နယ်က ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်မတော် (ULA/AA) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံတချို့နှင့် သတင်းရင်းမြစ်တချို့က ပြောသည်။