Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်၍ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နှင့် ဆက်သွယ်မေးမြန်းချက်
Photo: ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်

ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်၍ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နှင့် ဆက်သွယ်မေးမြန်းချက်

0
By Editor on June 21, 2024 Featured

(006SV)

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းလက်နက်ကိုတပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြသည်။

မတူပီမြို့မှာအခြေစိုက်သော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ် ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန်လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်က ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းလဲန်းကောင်စီကလည်း မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်လျှက်ရှိရာ ဇွန်လ ၁၇ ရက်တွင်အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့က မတူပီမြို့တွင်းမှ စစ်ဘေးရှောင်အရပ်သားများ အကြိုအပို့ ဆောင်ရွက်နေသော ၎င်းတို့ရဲဘော်တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည့်အပြင် ချင်းလဲန်းကောင် စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ ၁၄၀ ကြား အဟန့်အတားပြုလုပ်၍ စစ်ဆင်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၈ ရက်နေ့မှာပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ခိုနူမ်းသုန်သတင်းဌာနမှ သတင်းထောက် Salai Vakok က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မတူပီစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေကို CNF/CNA နဲ့ပူးပေါင်းတပ်ဖွဲ့က အလစ်ဝင် တိုက်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်တာတွေ့ရပါတယ်။ ဘယ်လိုဖြစ်တာလဲ ရှင်းပြပါဦး။

ဖြေ။ ။ ကျွန်တော်တို့ထုတ်ပြန်ချက်မှာ တော့ အကျဉ်းချုံး ဖော်ပြပြီးဖြစ်ပါတယ်။ မတူပီမြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက် ချင်းညီ နောင်စစ်ဆင်ရေး ကို ဇွန်လ (၉) ရက်နေ့ကအစပြုတယ်။ (၁၇) ရက်နေ့မှာ ခမရ (၃၀၄) ကိုသိမ်းနိုင်ခဲ့တယ်။ ဆက်လက်ပြီး စစ်ဆင်ရေးစီမံချက်အတိုင်းကျန်နေတဲ့ ခလရ (၁၄၀) နဲ့ ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းမှာပဲ (၁၈) ရက်နေ့မနက်မိုး မလင်းခင်မှာ နောက်ကျောကနေ CNA နဲ့ လက်အောက်ခံတပ်များရဲ့ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံလိုက် ရတာပါ။ ကျွန်တော်တို့ကို နှစ်ဖက်ညှပ်ပြီး စတိုက်ခါစမှာတော့ သူတို့ရဲ့လော်ဘီတွေအသုံးပြုပြီး စစ်ရှောင်တွေကိုခေါ်ထုတ်ဖို့ သွားတဲ့ CNA ရဲဘော်ကို ပစ်သတ်လိုက်လို့ လက်စားချေတဲ့သဘောနဲ့ ဝါဒတွေဖြန့်ခဲ့ကြတာ online ပေါ်မှာတွေ့ကြမှာပါ။ တိုက်ပွဲဖြစ်နေတုန်း တိုက်ပွဲဇုန်ထဲမှာ ခွင့်ပြုချက်မရှိပဲ စစ်ကောင်စီရဲ့ စခန်းဖက်ကိုဦးတည်ပြီး မောင်းသွားတာဖြစ်လို့ တားမြစ်ထိမ်းသိမ်းပြီး နောက်နေ့မနက်မှာ ပြန်လွှတ်ပေးဖို့ပြင်ဆင်ထားတဲ့‌အကြောင်း ပြည်သူကို ကျွန်တော်တို့ဘက်က အဖြစ်မှန် ချပြလိုက်တဲ့အခါ narrative ပြောင်းသွားပြီး သူတို့တိုက်မယ့် စစ်ကောင်စီစခန်းကို ကျွန်တော်တို့ကတိုက်တာ မကျေနပ်လို့ တိုက်ရပါတယ်ဆိုတဲ့သဘောနဲ့ ထုတ်ပြန်ချက်တွေဖြေကြားချက်တွေ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ဟာ တဖက်ကအကြမ်းဖက်စစ်ကောင်စီ၊ တဖက်က CNA နဲ့ သူ့ရဲ့လက်အောက်ခံတပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ နှစ်ဘက်ညှပ်တိုက်ခိုက်ခြင်းခံနေရတာမို့ တော်တော် အခက်အခဲရှိတာကြောင့် စစ်အာဏာရှင်ကို တိုက်နေတဲ့ပြည်သူတွေ၊ အမှန်တရားမြတ်နိုးတဲ့ပြည်သူတွေအနေနဲ့ ကိုယ်နီးစပ်ရာအဖွဲ့အစည်းတွေကိုဆက်သွယ်ပြောပြပြီးကူညီ ပေးကြဖို့မေတ္တာရပ်ခံပါတယ်။ ၁၀၀% အတည်မပြုနိုင်သေးတဲ့သတင်းအရဆိုရင် စစ်ကောင်စီကလည်း သူတို့ စခန်းတွေ ခုခံနေရာကနေ ထိုးစစ်အဖြစ်ပြောင်းလဲပြီး ကျွန်တော်တို့ကို နှစ်ဖက်ညှပ်တိုက်ချေမှုန်းဖို့ကြိုးစားမယ့်သဘောတွေ့နေရပါတယ် ခင်ဗျ။

မေး။ ။ ချင်းလဲန်းကောင်စီဘက်ကလည်း အဲဒီဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်ညပိုင်းကပဲ ထုတ်ပြန်ချက်ထုတ်ပါတယ်။ အဲဒီထုတ်ပြန်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများ ပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ ။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်းအဖြေရှိပါတယ်။

(၁) အချက်အနေနဲ့ ကျွန်တော်တို့ ခမရ (၃၀၄) သိမ်းပြီး၊ ခလရ (၁၄၀) နဲ့ ဗျူဟာကုန်းဆက်သိမ်းနေချိန်မှာတောင် သူတို့ဘက်က စစ်ရေးပြင်ဆင်မှုပြုလုပ်နေတုန်းပဲဆိုတာကို ဖော်ပြထားပါတယ်။

(၂) အချက်အနေနဲ့ ပြင်းထန်နေတဲ့ တိုက်ပွဲဇုံထဲမှာ ညှိနှိုင်းခွင့်ပြုချက်မရှိပဲ ရန်သူ့စခန်းဖက် ဦးတည်သွားတာဖြစ်လို့ နယ်မြေလုံခြုံရေးအရ ထိမ်းသိမ်းခဲ့တာဖြစ်ပြီး ညအချိန်ဖြစ်လို့ နောက်နေ့မနက်ပြန်လည်လွှတ်ပေးဖို့ကိုလဲ စီစဉ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေး စစ်ရာ နားလည်သူများအနေနဲ့ ဒါဟာထုတ်ပြန်ချက်ထဲကလို “အကြောင်းမဲ့” ထိန်းသိမ်းတာမဟုတ်ကြောင်း သိကြမှာပါ။

(၃) အချက်အနေနဲ့ စစ်ကောင်စီစခန်းတွေကို အကျအဆုံးထိခိုက်ဒဏ်ရာများစွာနဲ့ တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေတာသိသိချည်းနဲ့ သူတို့တိုက်ဖို့ဟန့်တားလို့ တိုက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ မေးခွန်းထုတ်စရာတွေအများကြီးပါ။ ဖနိုင်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီကို ဇွန်လ (၁၆) ရက်နေ့မှာ ကျွန်တော်တို့ ချင်းညီနောင်တပ်ဖွဲ့ကစတိုက်ပြီး (၁၇) ရက်နေ့မှာ အပြီးအပိုင်ရှင်းလင်းရေးလုပ်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဖက်က ခလရ (၁၄၀) နဲ့ ဗျူဟာကုန်းထိုးစ‌စ်တောင် စတင်နေပြီ ဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ အခြားဖြေကြားချက်ရဲ့ Timeline တွေနဲ့ တိုက်ကြည့်ရင်သိနိုင်ပါတယ်။

မေး။ ။ ချင်းလဲန်းကောင်စီအနေနဲ့ မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်နေတဲ့အချိန်မှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက စစ်ဆင်ရေးဖော်ဆောင်လို့မရအောင် အဟန့်အတား လုပ်တာကြောင့် ခုလို ထိတွေ့မှုဖြစ်ရတာလို့ ပြောဆိုမှုလည်းရှိပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ ။ မတူပီမြို့ဟာ တပ်မဟာ (၁) ရဲ့နယ်မြေဖြစ်တာ အားလုံးသိကြပါတယ်။ ဒါကြောင့် မတူပီမြို့စစ်ကောင်စီကင်းစင်ရေး အတွက် ချင်းညီနောင်စစ်ဆင်ရေး အနေနဲ့ လချီစီမံချက်ဆွဲ စနစ်တကျပြင်ဆင်ပြီးမှ တိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့‌လောက်ကောင်အကြမ်းဖက်စစ်ကောင်စီ မတူပီမြို့ကတိုက်ထုတ်နေတာကို နှောင့်ယှက်ပြီး နောက်ကျောဓားနဲ့ထိုး တိုက်ခိုက်တာက သူတို့ဖြစ်ပါတယ်။ ပိုပြီးစိုးရိမ်ရတာက အခုလိုနှစ်ဘက်ညှပ်တိုက်ခံနေရချိန်မှာ အသံတော့မဖမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ သူတို့ walkie talkie ချိတ်ဆက်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကို လမ်းညွှန်ပေးတာ ကြားရ တယ်ဆိုတဲ့မြေပြင်တပ်မှုးတွေရဲ့ သတင်းပို့မှုပါ။ အပေါ်မှာ ဖြေကြားခဲ့သလို စစ်ကောင်စီနဲ့ နှစ်ဘက်ညှပ် စစ်ရေး ၊နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဆိုရင်တော့ အတော့်ကိုဝမ်းနည်းစရာပါ။ ကျွန်တော်တို့တိုက်နေတဲ့ နွေဦးတော်လှန်ရေးကြီး ကိုလဲမေးခွန်းထုတ်စရာ အများကြီးဖြစ်လာပါတယ်။ CNF/CNA ကို ထောက်ပံ့နေတဲ့ ပြည်တွင်းပြည်ပကထောက်ပို့တွေ၊ EAOsတွေ၊ NUG အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုဝိုင်းဖိအားပေးကြဖို့ ဒီကနေ တောင်းဆိုပါတယ်။

မေး။ ။ မတူပီက ဒီဖြစ်စဉ်နဲ့ ဒီကိစ္စတွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းကြဖို့ ရှိမလဲခင်ဗျာ။ ချင်းတပ်ဖွဲ့အချင်းချင်းကြား ဖြေရှင်းနိုင်ဖို့ ဆရာတို့ဘက်က ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျာ။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းနိုင်မယ့် အခြေအနေရှိကြလားခင်ဗျာ။

ဖြေ။ ။ အခုချိန်မှာတော့ စစ်ကောင်စီနဲ့ CNF တို့ရဲ့ ရည်ရွယ်ချက် ရှိရှိ၊ နှစ်ဖက်ညှပ် ပူးပေါင်းတိုက်ခိုက်မှုကို အပြင်းအထန် ခုခံကာကွယ်နေပါတယ်။ တိုက်ခိုက်ခံနေရတုန်း အချိန်မှာတော့ တွေ့ဆုံညှိနှိုင်းဖို့ ခက်ပါမယ်။ ကျွန်တော်တို့က ‘ချင်း’ အချင်းချင်း သွေးထွက်သံယိုမဖြစ်အောင် တော်လှန်ရေးစတင်ကတည်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ တည်ဆောက်လာတဲ့ မူကို အမြဲကိုင်စွဲထားပါတယ်။

မေး။ ။ ဒီပြသနာရဲ့ အဓိက အကြောင်းအချင်းအရာက ဘာဖြစ်မလဲခင်ဗျာ။

ဖြေ။ ။ မတူပီဗျူဟာက ချင်းပြည်တောင်ပိုင်းအတွက် စကစရဲ့ အဓိက ခြေကုတ်စခန်းဖြစ်ပါတယ်။ ဆိုတော့က ဖြစ်နိုင်ချေ (၂)ခုက (၁) ချင်းညီနောင် မတူပီနဲ့ ချင်းပြည်တောင်ပိုင်းကို ထိန်းချုပ်နိုင်မှာကို မလိုလားတဲ့ အတွက်ကြောင့် ထိုးစစ်ဆင်တာ ဖြစ်နိုင်ပါတယ်။ (၂) အနေနဲ့ကတော့ သံသယဖြစ်မိတဲ့အရာပါ။ စစ်ကောင်စီအတွက် မတူပီဗျူဟာက အလွန်အရေးပါတာကြောင့် ဗျူဟာ မကျအောင် အထက်က ဖိအားများ ရှိနေလို့လားပေါ့။ စစ်ကောင်စီကို တိုက်နေတဲ့ တောင်လှန်ရေး တပ်ဖွဲ့ကို အင်အား အလုံးအရင်းနဲ့ နောက်ကနေ တိုက်တယ်ဆိုတာ မြန်မာပြည်သမိုင်းမှာတော့ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ အဖွဲ့တွေကပဲ လုပ်လေ့လုပ်ထ ရှိကြတာ အားလုံးသိကြမှာပါ။

မေး။ ။ မတူပီမြို့က ချင်းညီနောင် စစ်ဆင်ရေးမှာ AA/ ULA က ဘယ်လိုပူပေါင်းပါဝင်နေတယ်ဆိုတာ ရှင်းပြပေးလို့ ရမလားခင်ဗျာ။

ဖြေ။ ။ နွေဦးတော်လှန်ရေး စတင်ကာစ ကျွန်တော်တို့ တူမီးနဲ့ စခဲ့ကြပြီး KIA နဲ့ အခြား EAO တွေဆီမှာ စစ်သင် တန်းနဲ့ လက်နက်ထောက်ပံ့ပေးဖို့ အကူအညီ တောင်းတဲ့အခါ CNF/ CNA တားမြစ်လို့ မပေးနိုင်ပါဘူးဆိုတဲ့ အဖြေပဲ ရတဲ့အချိန်၊ NUG အစိုးရ ကိုယ်တိုင်ကလည်း CNF နဲ့ MOU ထိုးထားမှုကြောင့် ထိထိရောက်ရောက် အကူအညီ မပေးနိုင်တဲ့အချိန်မျာ အိမ်နီးချင်း မဟာမိတ် AA က စစ်သင်တန်းအပြင် လက်နက်ခဲယမ်းကိုပါ တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့လို့ စစ်ရေး၊ နိုင်ငံရေး တိုက်ခိုက်မှုတွေ ကြားမှာ အခုလို ချင်းညီနောင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာ ပြည်သူတွေ ပွင့်ပွင့်လင်းလင်း သိဖို့ လိုအပ်ပါတယ်။ ချင်းပြည်မှာ ဘာကြောင့် AA ကို ခေါ်တာလဲဆိုတဲ့ မေးခွန်တွေနဲ့ ပြည်သူတွေကို အမုန်းတရားပွားအောင် CNF ခေါင်းဆောင်တွေ ကိုယ်တိုင် မှိုင်းတိုက်နေကြတာ ဝမ်းနည်းဖွယ် ကောင်းအောင် တွေ့နေရပါတယ်။ မြန်မာပြည်အနှံ့မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေမှာ အများဆုံး ဖြန့်ကျက်ထားပြီး တိုက်ခိုက်ပေးနေတာ Arakan Army ဆိုတာ ဘယ်သူမှ ငြင်းနိုင်ကြမယ် မထင်ပါဘူး။ ကချင်ပြည် လွတ်မြောက်ရေး တိုက်ပွဲတွေ၊ ကရင်ပြည်နယ် လွတ်မြောက်ရေးတိုက်ပွဲတွေ၊ လတ်တလော ရှမ်းပြည်လွတ်မြောက်ရေး တိုက်ပွဲတွေမှာ အင်အား အလုံးအရင်းနဲ့ အသက်ကို ပဓာန မထားပဲ တိုက်ပေးနေကြပါတယ်။ ကျွန်တော်တို့ကို ကူညီနေတာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညီရင်းအစ်ကို သဖွယ် ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ချင်းပြည် နယ်ထဲမှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် အကူအညီပေးနေတာသာ ဖြစ်တယ်ဆိုတာ ပြည်သူတွေ သိရှိနားလည်ကြမယ် ထင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.