Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းတောင်တန်းပေါ်က စစ်ဘေးရှောင်အမျိုးသမီးများ၏ လူသိနည်းသော နောက်ကွယ်ကအခက်အခဲ

ချင်းတောင်တန်းပေါ်က စစ်ဘေးရှောင်အမျိုးသမီးများ၏ လူသိနည်းသော နောက်ကွယ်ကအခက်အခဲ

0
By Editor on March 23, 2024 Featured

ရေး- မာဂရက်

“အဝတ်အစတွေကို ဖြတ်ပြီးတော့ ပြန်လျော်ပြီး ပြန်သုံးရတယ်။ ထပ်ထပ်သုံးနေရင် ကျန်းမာရေးထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်တယ်။ အများနဲ့နေရတဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမူမရှိဘူး”

ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကနေ မိုင်(၂၀) လောက်ဝေးတဲ့ ကီးသာကျေးရွာဖက်မှာ မိသားစုလိုက် စစ်ဘေးရှောင်နေ တာ သုံးနှစ်ထဲရောက်ရှိလာပါပြီဖြစ်တဲ့ အသက် (၂၅) အရွယ် မယုယု (အမည်လွဲ) ပါ။ စစ်ဘေးရှောင်နေရတဲ့ တလျှောက် သူမအတွက် အခုထိ အခက်အခဲဆုံးအချိန်က လစဉ်ဓမ္မတာလာတဲ့အချိန်လို့ ပြောပါတယ်။

၂၀၂၁ ခုနစ်၊မေလထဲမှာ မင်းတပ်မြို့ပေါ် ဂေါက်ကွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်ကပြည်သူတွေ အားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်စအချိန်မှာ သူမတို့ မိသားစုနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာကစီစဥ်ပေးတဲ့ စစ်ရှောင်စခန်းတခုမှာ နေခဲ့ရပြီး အခန်းအဖွဲ့ဆိုတာမရှိ လဟာပြင်ကျယ်မှာ စစ်ရှောင်မိသားစု ရာချီနဲ့ နေထိုင်ခဲ့ရပါတယ်။

ဒါကစစ်ရှောင်အမျိုးသားတွေအတွက် သာမာန်နေထိုင်မှုတခုဖြစ်မယ်လို့ဆိုရပေမယ့် စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အခြေအနေဖြစ်ပြီး အမျိုးသမီးတယောက်အနေနဲ့ လစဉ်ဖြစ်တဲ့အခါ အတော်လေး စိတ်ပင်ပန်းခဲ့ရတယ်ဆိုပြီး ပြန်ပြောပါတယ်။

“ရာသီလာတာက ရှက်စရာလို့ ခံစားရတော့ လူအများကြားထဲမှာနေရတဲ့ အဲ့နေ့မျိုးဆိုပိုပြီးတော့ ခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုက တအားကြီးမရှိဘူး၊ သူများကြားထဲမှာ ပေါက်ထွက်သွားမလားစိုး ရိမ်နေရ တယ်။ စိတ်ပိုင်း ဆိုင်ရာလုံခြုံမူမရှိဘူး” လို့ သူမကပြောပါတယ်။

မင်းတပ်မြို့နယ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့်ချင်းကာကွယ်ရေးတပ် မင်းတပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း မြို့ပေါ်တင်မကပဲ ကျေးရွာတွဖက်မှာ ဆေးဝါး၊ ဆေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ လိုသလောက် ဝယ်ယူခွင့်မပြုသလို သယ်ယူခွင့် ပိတ်ပင်တာ၊ အကန့်အသတ်နဲ့ ဝယ်ယူသုံးစွဲရတဲ့အခြေအနေ ကြုံလာရပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့်လည်း မင်းတပ်မြို့ကနေ ပြည်မဖက်ကို ဆက်သွယ်ထားတဲ့ ကျောက်ထုလမ်း၊ ပေါက်-ပခုက္ကူလမ်းပိုင်းတွေ အသုံးမပြုဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်တာကြောင့် လမ်းပန်းဆက်သွယ်ရေးကလည်း ပိုမိုခက်လာပါတယ်။

ချင်းပြည်နယ်ဟာဆိုရင် တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေကလည်း ခက်ခဲကြမ်းတမ်းသလို ကုန်တင်ကား၊ ကုန်သည်တွေရောက်လာတဲ့ချိန်မှပဲ ကုန်ပစ္စည်းတွေ ရရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးလစဉ်သုံး (Pad) တွေ အမြဲတမ်းအသုံး ပြုဖို့ဆိုတာ အတော်ခက်ခဲတဲ့ အနေအထားတခုဖြစ်တယ်လို့ သူမက ဆိုပါတယ်။

ဒါ့ကြောင့်မို့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတိုင်းက လစဉ်ဓမ္မတာလာချိန်ဆိုရင် စခန်းအတွင်းကနေ အပြင်ထွက်သွားလာရန်အတွက် ခက်ခဲသလို အမျိုးသမီးလစဥ်သုံး (Pad) တွေကို အသုံးမပြုနိုင်တာကြောင့် အဝတ်စတွေကို အစားထိုးအသုံးပြုပြီး လစဉ်ဓမ္မတာလာတဲ့ အခက်အခဲတွေကို ဖြေရှင်းနေကြရတယ်ဆိုပြီး မယုယု (အမည်လွဲ) က လက်ရှိ စစ်ဘေးရှောင်စခန်းမှာ ကြုံတွေ့နေရတာကို ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်း သာမက လစဉ်ဖြစ်တဲ့အချိန် နာကျင်ကိုက်ခဲတဲ့ဝေဒနာ ပျောက်ကင်းဖို့ အကိုက်အခဲပျောက်ဆေးဝါး၊ အမျိုးသမီးတွေ နေ့စဉ်သုံးစွဲနိုင်တဲ့ ဖြည့်စွပ်ဆေးဝါးတွေရရှိဖို့ အတော်လေးခက်ခဲပြီး ဖျားနာလေးကအစ ကျန်းမာရေးအတွက် ရင်လေးရပါတယ်ဆိုပြီး သူက ဆက်ပြောပါတယ်။

သူက “နိုင်ငံရေးကောင်းစဥ်တုန်းကတော့ လွတ်လွတ်လပ်လပ်ဝယ်ရတာအဆင်ပြေပြီး အဲ့လိုမျိုးသုံးခဲ့ဖူးတဲ့ အနေအထားဆိုတော့ အခုလိုပြေးလာရတဲ့အခြေအထားမှာ တကယ့်ကို ခက်ခဲတယ်။ အခု Pad ထုတ်တွေ ဝယ်မသုံးနိုင်တဲ့အခြေနေတွေရှိတယ်။ အဲ့လိုအခါမှာ အဝတ်စလေးနဲ့ ဖြစ်ဖြစ် သူသူ ကိုယ်ကိုယ် ရရာနည်းလေးတွေနဲ့ ကြိုးစားပြီးမှ ကာကွယ် ကြတယ်” လို့ပြောပါတယ်။

သူမလိုပဲ စစ်ဘေးရှောင်နေရတဲ့ချိန် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးတာကြောင့် အမျိုးသမီး လစဥ်သုံးပစ္စည်း ဝယ်ယူသုံးစွဲဖို့ ခက်ခဲကာ ရေရှည်ကာလကြာမြင့်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးထိ ခိုက်လာမှာကို ကြောက်ရွံ့နေတယ်လို့ စစ်ရှောင်အမျိုးသမီး မလိုင်လိုင်း (အမည်လွဲ) ကလည်းပြောပါတယ်။

“ရာသီလာတဲ့အခါမှာ Pad တွေမသုံးနိုင်တဲ့အခါ နောက်ပိုင်းမှာ မဖြစ်သင့်တဲ့ရောဂါတွေဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ အဝတ်အစတွေကို ဖြတ်ပြီးတော့သုံးတယ်၊ သန့် ရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် ကျန်းမာရေး ထိခိုက်နိုင်တယ် ဗက်တီးရီးယားတွေပိုးတွေရှိပြီးတော့လေ၊ ဒါကြောင့် Pad တွေဝယ်သုံးတာ အကောင်းဆုံးဖြစ်တယ်၊ မဝယ်နိုင်ရင်တောင်မှ အိမ်ထဲမှာပဲ ထမိန်လေးနဲ့နေပြီး သန့်သန့် ရှင်းရှင်းနဲ့ လုပ်ဖို့လိုမယ်။ Pad နဲ့တွဲဖို့ အောက်ခံဘောင်းဘီတွေ၊ ထမိန်တွေ ကူညီပေးနိုင်မယ်ဆိုရင် ဆင်ပြေနိုင်မယ်” လို့ပြောပါတယ်။

မင်းတပ်မြို့နယ်၊ ကီးသာကျေးရွာက ပြည်သူတွေက စစ်ဘေးရှောင်ပြည်သူတွေကို တည်းခိုစရာနေအိမ်၊ လိုအပ်တဲ့ ကူညီမှုလုပ်ဆောင်ပေးကြသလို မင်းတပ်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေအနေနဲ့လည်း စစ်ရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတွေကို တတ်နိုင်သလောက် ကူညီပံ့ပိုးမူတွေ ပြုလုပ်ခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံတွေစီကနေ သိရပါတယ်။

မင်းတပ်မြို့နယ်ဟာဆိုရင် တိုက်နယ်အမှတ် (၉) ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မင်းတပ်မြို့နယ်တခုထဲမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူ (၁၁,၀၀၀) ခန့်ရှိပြီးတော့ အမျိုးသမီးဦးရေ (၇၀၀၀) ရှိတယ်လို့ စစ်ဘေးရှောင် စီမံခန့်ခွဲမှုကော်မတီတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကျန်းမာရေးဌာနတွေအနေဖြင့် စစ်ဘေး ရှောင် ပြည်သူတွေ အတွက် မင်းတပ်မြို့နယ်မှာရှိတဲ့ကျေးရွာတိုင်းနီးပါးမှာ ကျန်းမာရေး ဆေးပေးခန်းတွေ ဖွင့်လှစ်ပေးထားပြီး အလှမ်းဝေးတဲ့ စစ်ရှောင်ပြည်သူများအတွက် ကွင်းဆင်းကျန်းမာရေးအသိပညာပေး အစီအစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေအပါအဝင် ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးကုသမူ၊ ပံ့ပိုးကူညီပေးမူတွေ လိုအပ်နေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ်က စီမံခန့်ခွဲမှုကော်မတီ ကိုလောရင့်က အခုလိုပြောပါတယ်။

“ကျန်းမာရေးဌာနကလည်း အတတ်နိုင်ဆုံးပြုစုကြတယ်။ အမျိုးသမီးတွေအတွက် သင့်တင့် လျောက်ပတ်တဲ့ အာဟာရဖြည့်စွက်မှုက တော်တော်လေးလိုပါတယ်၊ ဆေးဝါးလုံလောက်မူမရှိဘူး ကျွမ်းကျင်ဆရာဝန်၊ သက်ဆိုင်ရာဆရာဝန်တွေ လုံလောက်မှုမရှိတဲ့အခါကျတော့အမျိုးသမီးတွေ မီးဖွားရင်းနဲ့ ဆုံးတာများတယ်” လို့ ကိုလောရင့်ကပြောပါတယ်။

မင်းတပ်မြို့နယ်မှာ လက်ရှိအထိ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအဝတ်အစားတွေ ကူညီပေးရန် လိုအပ်နေသလို တကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်နေတာကြောင့် တကိုယ်ရေသုံးပစ္စည်းတွေ၊ ဆပ်ပြာ၊ လစဉ်သုံး (pad)၊ အတွင်းခံဘောင်းဘီ၊လုံချည်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်ဖက်မှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေဟာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ကုန်စျေးနှုန်း တွေအဆမတန်မြင့်တက်လာတာကြောင့် ကျန်းမာရေးအခြေအနေထက် စားဝတ်နေရေးကို အဆင်ပြေအောင် လုပ်ဆောင်နေရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေစီကနေ သိရပါတယ်။

ဒါ့အပြင် အရင် Pads တထုတ်မှာ ငွေကျပ် (၁၀၀၀) ဖြင့် ဝယ်ယူအသုံးပြုခဲ့ရပေမယ့် အခု စစ်ဘေးရှောင်တဲ့ မင်းတပ်မြို့နယ် ကျေးရွာတွေဖက်မှာ အမျိုးသမီးလစဉ်သုံး Pads တွေကို တစ်ထုတ် မှာ ငွေကျပ် (၂၈၀၀) အထိ ရှိလာပြီးတော့ ငွေကြေးတတ်နိုင်သူတွေကသာ လစဉ်ဝယ်ယူနိုင်ကြပြီး အလုပ်ကိုင်ရှားပါး ဝင်ငွေမရှိတဲ့ အမျိုးသမီးတွေအနေဖြင့် Pads တထုတ်ဝယ်ယူရန်အတွက် ခက်ခဲနေတယ် စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုပါတယ်။

လက်ရှိအထိ တိုက်ပွဲတွေကြောင့် နှစ်ချီ စစ်ရှောင်နေရသော အမျိုးသမီးတွေအနေဖြင့် ကျန်းမာရေး ပိုမိုအရေးကြီးကာ စစ်ရှောင်ကာလအတွင်း ငွေကြေးအခက်အခဲများကြား အမျိုးသမီးလစဉ်သုံးအစား အဝတ်စများကို အသုံးပြုခဲ့မယ်ဆိုရင် သေချာလျှောဖွတ်ခြင်း၊ နေလှန်းကာပိုးသန့်ခြင်း၊ သန့်ရှင်းသပ်ရပ်သော အဝတ်စ အသုံးပြုခြင်းတွေ ပြုလုပ်သင့် တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမူးကော်မတီက ကျန်းမာရေးမှူးက ပြောပါတယ်။

“လစဉ်သုံး (Pad) တွေကို မရှိလို့ မလုံလောက်ဘူးဆိုရင် သူတို့အဆင်ပြေတဲ့ဟာ ရှိတဲ့အဝတ်စတွေသုံးပြီး သူတို့ဖြေရှင်း နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် သူတို့မှာ အမျိုးသမီးကျန်းမာရေးအရ မွေးလမ်းကြောင်း ပိုးဝင်နိုင်တာတွေဖြစ်ဖို့ ရာခိုင်းနှုန်းပို များတယ်၊ ဒါကြောင့် ပိုသန့်ရှင်းဖို့လိုတယ်” လို့ ကျန်းမာရေးမှူးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဒီလိုမျိုး အခက်အခဲတွေက မင်းတပ်မြို့နယ်တခုတည်းမှာရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေ ကြုံတွေ့ နေကြရတာမဟုတ်ပဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက်မြို့၊ ပလက်ဝမြို့၊ ဆမီးမြို့နှင့် ထန်တလန်မြို့က စစ်ရှောင်အမျိုးသမီးတွေ ကြုံနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ကာလအတွင်း အမျိုးသမီးတွေအနေဖြင့် သားဆက်ခြားရန်လိုအပ်နေသလို လိုအပ်တဲ့ သားဆက်ခြားဆေးဝါး၊အသုံးဆောင်ပစ္စည်းများ၊ကျန်းမာရေးအသိပညာပေး အစီအစဉ်များ လည်း လိုအပ်နေဆဲ ဖြစ်တယ်လို့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ကနေ (၈) မိုင်ခန့်ဝေးတဲ့ ကျေးရွာ တွင် စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ဘေးရွောင်ကာလဆိုတော့ အမျိုးသမီးတွေက ကလေးမမွေးဖို့ဆိုပြီး တချို့ကစိတ်ပိုင်းဖြတ် တာပေါ့ ၊ဒါပေမယ့် သားဆက်ခြားဆေးတွေက အလွယ်တကူ ဝယ်လို့မရ၊ မရှိဘူး၊ နှစ်ကကြာလာပြီဆိုတော့ ကလေး ယူကြလာတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် တအားဒုက္ခရောက်တာ၊ အမျိုးသမီးနဲ့ပက်သက်တဲ့ ရောဂါတွေဆိုရင်လဲ ပြမယ့်နေရာမရှိဘူးလေ၊ အများစုက ရွာမှာပဲ နေတာဆိုတော့လေ” လို့ သူမကပြောပါတယ်။

ချင်းပြည်နယ်က စစ်ရေး နိုင်ငံရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသော ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်မှာ ဒေသခံချင်းအမျိုးသားတော်လှန်ရေးအင်အားစု တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲကြောင့်စစ်ရှောင်ပြည်သူ (၁၀၀,၀၀၀) ရှိပြီး လူဦးရေ (၆၀,၀၀၀) နီးပါးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်ဖက်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

မယုယု(အမည်လွဲ)တို့ စစ်ဘေးရှောင်နေရတဲ့ မင်းတပ်မြို့နယ် တိုက်နယ် (၃) ကီးသာကျေးရွာမှာ စစ်ဘေးရှောင်လူဦးရေ (၁၀၀) ကျော်ရှိပြီး သူတို့တွေအတွက် ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း နည်းပါးသလို စစ်ဘေးရှောင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။

“ဆန်၊ ဆီလေးရှိမှ အသက်ရှင်ရတာကိုး၊ ကျမတို့ စစ်ဘေးရှောင်မှာ စားစရာတောင်မရှိမှာ ကြောက်နေရတာနဲ့ ဒီလို အမျိုးသမီး လစဉ်သုံးပစ္စည်း မဝယ်ရင်နေပါစေ၊ ဒီဟာဝယ်မယ့်အစား ကိုယ်စားစရာလေးရှိရင် ရပြီဆိုတဲ့အတွေးလေးနဲ့ နေ့တိုင်း ဖြတ်သန်းနေရပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.