Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းတောင်တန်းပေါ်က အာလွယ်ရွာလေးအတွက် တရားမျှတမှု

ချင်းတောင်တန်းပေါ်က အာလွယ်ရွာလေးအတွက် တရားမျှတမှု

0
By Editor on December 14, 2021 Featured

စစ်ကောင်စီက ချင်းပြည်နယ်၊ အာလွယ်ရွာ၌ တပ်စွဲပြီး ရက်ပိုင်းအတွင်းမှာပင် ရွာသူအမျိုးသမီး နှစ်ဦးကို အဓမ္မပြုကျင့်သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက တီးတိန်မြို့နယ် ကနေဒီတောင်ခြေ၌ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်မြေလုံခြုံရေးအရဟုဆိုကာ အာလွယ်ကျေးရွာအနီးသို့ စစ်သားများ ရောက်လာကြသည်။

ည (၇) နာရီနောက်ပိုင်း အပြင်မထွက်ကြရန်၊ စစ်သားများရှိနေသရွေ့ တောထဲဝင်ရောက်ခြင်းများ မပြုလုပ်ကြရန်လည်း ပြောဆိုသဖြင့် မည်သူမှ တောင်ယာအခင်းထဲမသွားကြဘဲ နေအိမ်ထဲမှာပင် နေခဲ့ကြရသည်။

“ကျွန်တော်တို့ ရွာမှာ စခန်းချတော့ မကြောက်ကြနဲဲ့ပေါ့နော်၊ အေးဆေးနေကြပါဆိုပြီးမှ နေခဲ့ကြတာပေါ့နော် ” ဟု အာလွယ်ရွာသား ကိုလုကာက စစ်သားများ ဝင်ရောက်လာစဉ်က အခြေအနေကို ပြန်ပြောပြသည်။

ရွာခံများကို အေးအေးဆေးဆေးနေရန် ပြောဆိုသော်လည်း စစ်ကောင်စီအဖွဲ့ဝင်များကမူ အေးအေးဆေးဆေး မနေခဲ့ပေ။

နိုဝင်ဘာလမတိုင်မီကလည်း အာလွယ်ရွာတွင် တစ်ကြိမ်ထက်မနည်း လာရောက်တပ်စွဲမှုများရှိခဲ့ပြီး ထိုစဉ် ကတည်းက ဒေသခံတို့ မွေးမြူထားသည့် နွား၊ ဆိတ်၊ ကြက် စသည်တို့ကို သတ်စားခဲ့ကြကြောင်း ဒေသခံတို့က ဆိုကြသည်။

စစ်ကောင်စီအဖွဲ့ဝင်တို့သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် အေးချမ်းသည့် အာလွယ်ကျေးရွာနှင့် ငါးမိုင်ခန့် အကွာသို့ တပ်စခန်းချရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရောက်လာပြီး ရွာခံအမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်မှာ နိုဝင်ဘာလ (၁၁)ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် (၃၀) အရွယ် ကလေးလေးဦးမိခင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အသက် (၂၇) နှစ်အရွယ် မီးဖွားပြီးစ မိခင်တစ်ဦးတို့ကို တစ်ညတည်း၌ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အာလွယ်ဒေသခံတို့က ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လင်ညီအစ်မ တော်စပ်သူများလည်းဖြစ်ကြပြီး ငွေနှင့် လက်ဝတ်ရတနာ တောင်းယူသည့်အပြင် လင်ယောက်ျားများကို ရေချိုးခန်း၌ မှောက်ခိုင်း၍ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတို့က ပြောကြသည်။

“ကလေးအမေဆီ အရင်သွားပြီးမှ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမပေးနိုင်တဲ့အချိန်မှာ ဆွဲကြိုးတွေ နားကပ်တွေ ဖြုတ်ခိုင်းတယ်။ သူ့ယောကျ်ားကို မင်းက PDF လား ဘာညာ ခြိမ်းခြောက်ပြီးမှ မင်း PDF ပဲ ဆိုပြီးမှ သေနတ်တွေ မောင်းချိန်ပြီးမှ ကျည်ဆံလည်း မရှိဘူးတဲ့၊ သူ့ကို ပစ်ခိုင်းတာတဲ့၊ အဲဒီ မုဒိမ်းကျင့်ခံရတဲ့ (သူရဲ့) ယောက်ျားဆိုရင် ကျွန်တော်တို့လို သာမန်လူ မဟုတ်ဘူး။ နည်းနည်း အားနည်း အားငယ်တဲ့သူ၊ သူလည်းကြောက်တာပေါ့။ တူမီးတောင် မပစ်ဖူးဘူး၊ သူ့ကို ကြမ်းပြင်ပေါ် ထိုးကြိတ်ပြီးမှ မှောက်ခိုင်းတယ်။ ဝပ်ခိုင်းတာပေါ့နော်။ တစ်ယောက်က သေနတ်နဲ့ ချိန်၊ တစ်ယောက်က အမျိုးသမီးဆီ သွားပြီးမှ မုဒိမ်းကျင့်လိုက်တာပေါ့ ” ဟု အဆိုပါ အမျိုးသမီးများ၏ ရင်ဖွင့် ပြောဆိုမှုကို နားထောင်ခဲ့ရသည့် အာလွယ်ဒေသခံ ကိုလုကာက ပြောပြသည်။

ကိုယ်ဝန် ခုနစ်လရှိနေသည့် အသက် (၃၀) အရွယ် အမျိုးသမီးကို စစ်သားနှစ်ဦးကို နိုဝင်ဘာလ (၁၁) ရက် ညပိုင်း၌ နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ပြီး ထိုညတွင်ပင် ကလေးမီးဖွားပြီးစ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးကို အခြားသော စစ်သားသုံးဦးက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များက သတင်းမီဒီယာများသို့လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၎င်းတို့၏ အမျိုးသားများရှေ့မှာပင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

တီးတိန်မြို့နယ် အာလွယ်ရွာ၌ ဖြစ်ခဲ့သည့် ဖြစ်စဉ်အတွက် ကျူးလွန်သူများကို စစ်တပ်က အရေးယူ မှုတစ်စုံတစ်ရာ ယနေ့အချိန်အထိ မတွေ့ရသေးပေ။

ဖြစ်စဉ်တွင် ကျူးလွန်ခံရသူများကို မကာကွယ်ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် အလုံခြုံဆုံးနေရာသို့ ပို့ဆောင် ပေးထားကြောင်းလည်း Civic Defense Militia – CDM (စီယင်း) ၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“ဖြစ်တာကတော့ ကျွန်တော်တို့ မတားပေးနိုင်ဘူး။ မကူညီနိုင်ဘူး ဖြစ်နေတဲ့အချိန်မှာပေါ့နော်။ ဒါပေမယ့် သူတို့ မိသားစုလုံခြုံဖို့အတွက် အလုံခြုံဆုံးနေရာကို နေ့ချင်းညချင်း ကျွန်တော်တို့ သူတို့မိသားစုက ကူညီနိုင်ခဲ့တယ်” ဟု Civic Defense Militia – CDM (စီယင်း) ၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မှတ်တမ်းများအရမူ စစ်တပ်အာဏာသိမ်း (၁၀) လအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့အတွင်း စစ်ကောင်စီအဖွဲ့ဝင်များ ကျူးလွန်သည့် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁၀) ခုအထိ ရှိသည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်များအနက် ရှမ်းပြည်နယ်တွင်ဖြစ်ပွားခဲ့သည် ဖြစ်စဉ်တစ်ခုကိုသာ စစ်တပ်က ဝန်ခံခဲ့သည်။

နိုဝင်ဘာလ (၇) ရက်နေ့တွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာတွင် ခြံစောင့်နေသည့် အသက် (၆၂) နှစ်အရွယ် ကချင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အပေါ် မှန်ကန်ကြောင်း စစ်ကောင်စီက ဝန်ခံကာ ကျူးလွန်သူကို စစ်ဘက်၊ နယ်ဘက် ဥပဒေများဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

“ဒီလိုမျိုး အမျိုးသမီးတွေကို ဦးတည်ပြီးတော့ မုဒိမ်းမှု ပြုကျင့်တာက တကယ်ဆိုရင် ဒါ မုဒိမ်းမှုကို စစ်လက်နက်သဖွယ် အသုံးပြုတာဖြစ်တယ်။ ဒီလိုမျိုး ကျူးလွန်တာက လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်။ ဒါက လုံးဝ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ပေါ့နော်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တရားဥပဒေယန္တရား ယိုယွင်းပျက်စီးနေသည့်အနေအထား ဖြစ်သည့်အတွက် တရားမျှတမှု ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“နိုင်ငံတကာရဲ့ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ယန္တရားကို အသုံးပြုမှပဲ တကယ့် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက်ကလည်း စစ်မှန်တဲ့ တကယ့်ကို မှန်ကန်တဲ့ တရားမျှတမှုတွေက ရသလိုမျိုး ကျူးလွန်တဲ့သူတွေကိုလည်း ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေက ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိအနေအထားအရ ပြည်တွင်းဥပဒေဖြင့်မူ ကျူးလွန်သူများအတွက် ထိရောက်သည့် အပြစ်ပေး အရေးယူမှုမျိုး လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

သို့သော် နိုင်ငံတကာ၏ တရားမျှတရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားသည် နေ့ချင်းညချင်း ဖြစ်လာမည့်ကိစ္စလည်း မဟုတ်သည့်အတွက် လတ်တလောအနေဖြင့် နယ်မြေထိန်းချုပ်နိုင်သည့် တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ ယင်းဖြစ်ရပ်များအပေါ် အရေးကြီးကိစ္စအဖြစ် သတ်မှတ်ကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူးက သူ့အမြင်ကို ပြောဆိုသည်။

အမျိုးသမီးများအပေါ် အဓမ္မကျူးလွန်ခြင်းများကို စစ်ကောင်စီအနေဖြင့် လက်မခံဘဲ ကျူးလွန်သည့် အဖွဲ့ဝင်များကို စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးများဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာအချို့သို့ ပြောဆိုထားသည်။

ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မှန်၊ မမှန် စုံစမ်းပြီးလျှင် ဆက်လက် ထုတ်ပြန်ပေးမည်ဟုဆိုသော်လည်း ရှမ်းပြည်နယ်ကိစ္စတစ်ခုကလွဲလျှင် ကျန်သည့်ကိစ္စများအတွက်မူ ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

တီးတိန်မြို့နယ် အာလွယ်ရွာဖြစ်စဉ်သည် ချင်းပြည်နယ်တွင် ပထမဆုံးဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး ရှေးယခင် ရာစုနှစ်ဝက်နီးပါးက ကချင်၊ ကရင် စသည့် တိုင်းရင်းသားဒေသများ၊ အနီးစပ်ဆုံး ရခိုင်ပြည်နယ်တို့တွင် တိုင်းရင်းသားများကို စစ်တပ်က အနိုင်ကျင့်နေခဲ့ကြောင်း Civic Defense Militia – CDM (စီယင်း)၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“သူတို့ အမြစ်မပြတ်မချင်း ဒါတွေကတော့ ကျွန်တော်တို့တွေ မလိုချင်တဲ့အရာ ဖြစ်တဲ့အရာပေါ့နော်။ အမြဲတမ်း ကြုံတွေ့နေရဦးမယ်ဆိုတာလည်း တစ်ခါတည်း ပြောချင်တယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

အာလွယ်ကျေးရွာသည် ရေရှားပါးသည်ကလွဲလျှင် နေထိုင်ကောင်းသည့် ရာသီဥတုရှိသည့် ငြိမ်းချမ်းသော ရွာကလေးဖြစ်သည်။ ရွာတွင်နေထိုင်သူအများစုမှာ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြပြီး အာလွယ်မုန့်ညင်းသည် နာမည်ကြီးပြီး အိန္ဒိယနိုင်ငံ အိုက်ဇောမြို့အထိပင် ပို့ဆောင်နိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

အာလွယ်ရွာသး ကိုလုကာကမူ သူတို့ရွာကို စော်ကားခံရသည့်ဖြစ်ရပ်အတွက် ဝမ်းနည်းသည့်အပြင် စိတ်နာမိသည်ဟုလည်း ပြောသည်။ လက်ရှိတွင်လည်း ရွာသို့ မပြန်ဝံ့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်နေရသူလည်း ဖြစ်သည်။

“အထူးသဖြင့် တိုင်းရင်းသားတွေပေါ့နော်။ အားကိုးရာမဲ့တာပေါ့နော်။ အနိုင်ကျင့်ခံရတာပေါ့နော်။ မလုံခြုံတော့ဘူးပေါ့နော်” ဟု ကိုလုကာက ဝမ်းနည်းခံပြင်းသည့်အသံဖြင့် ပြောဆိုလေသည်။

ရေး – ဆလိုင်းထန်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.