၂ လကျော်အတွင်း ချင်းတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော်ပြုလုပ်
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့သည် ၂ လကျော်ကြာ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေရာ စစ်တပ်မှ ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးတချို့နှင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီ စစ်သုံ့ပန်းတချို့နှင့် ရန်သူ့အလောင်းများ ရရှိသည်ဟု CPU/ PUA ထံမှ သိရသည်။
စစ်တပ်၏ ထိုးစစ်ဆင်လာမှုကို မင်းတပ်၊ ကန်ပက်လက်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၁ ရက်မှာ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့သည် မေလလယ်မှ ဇူလိုင်လကုန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်က အကောင်းဆုံး ခုခံတိုက်လျက်ရှိကြောင်း၊ စစ်တပ်၏ ယာယီအခြေပြုနေရာများကိုလည်း တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသည်အထိ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့သည်ဟု CPU/ CPA ထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းမျိုးစုံနှင့်၊ ဒရုန်းများ၊ ဂျန်မာများ၊ စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိပြီး စစ်တပ်မှ စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိသည်ဟု CPU/ CPA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
စစ်တပ်မှ ထွက်ပြေးလာ၍ တော်လှန်ရေးတပ်များထံတွင် လက်နက်ချပူးပေါင်းလာသူများလည်းရှိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ နေရာချပေးထားပြီး မိသားစုများထံသို့ လုံခြုံစွာဖြင့် ပြန်လည်ပို့ဆောင် ပေးရန်ကိုလည်း စီစဉ်ထားရှိသည်ဟု ဆိုသည်။
“ရန်သူ စကမများသည် စစ်ကြောင်းများ ချီတက်ရာတွင် ယောဒေသခံ အသက်(၇၀)အရွယ် အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သောဖြစ်စဉ် ရှိခဲ့သကဲ့သို့ မဟာမိတ်တပ်များမှ အရပ်သားပြည်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ မိသားစုထံ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့သော ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။ စကမ များသည် ဒေသခံများအား အငြိုးထားကာ ကျေးရွာများအား မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများကိုလည်း ဆက်တိုက်ကျူးလွန်ကာ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြသည်” ဟု CPU/ CPA က ဆိုသည်။
စစ်တပ်သည် ဒေသခံပြည်သူ သက်ကြီးပိုင်း အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု CPU ထံမှ သိရသည်။
မြေပြင်တိုက်ပွဲတွင် အထိနာနေသော စစ်တပ်သည် CPU/ CPA ၏ ထိန်းချုပ်နယ်မြေများအတွင်းကို မေလလယ်မှ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး ယင်းက နေ့ညမပြတ် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်း CPU က ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့၊ ရွာများ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းနှင့် ဆေးရုံများ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း သိရသည်။
ယောဒေသမှ ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် လောင်းရှည်-ဆောလမ်းအတိုင်း အင်အားအများအပြားဖြင့် ထပ်မံ၍ ချီတက်လာသော်လည်း ဒေသခံ တော်လှန်ရေးတပ်များ၏ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကြောင့် သေကျေထိခိုက်မှုများစွာဖြင့် ဆုတ်ခွာရသည်ဟု သိရသည်။
ပေါက်-ကျောက်ထု-ထီးလင်းလမ်းပိုင်းမှ အင်အားဖြည့်ရန် ကြိုးစားလျက်ရှိသော်လည်း မှန်းထားသကဲ့သို့ ခရီးမပေါက်၊ ရည်ရွယ်ချက် မမြောက်ဘဲ နေရာစုံတွင် ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ခံရလျက်ရှိသည်ဟု CPU/ CPA ထံမှ သိရသည်။
ချင်းတောင်ပိုင်းနှင့် ယောဒေသတို့တွင် စစ်တပ်ကို ထိခိုက်ကျဆုံးမှုများစွာဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်အထိ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက တိုက်စစ်ဆင်နိုင်ခဲ့သည်ဟု သိရသည်။
ဘုံရန်သူကို တိုက်ခိုက်နေကြသော ဘဝတူတော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးကာလအတွင်း မိမိကျရာတာဝန်ကို တာဝန်သိစိတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ပေးနေကြသော မိဘပြည်သူများအား အလေးအနက် အထူးဂုဏ်ပြုအပ်ပါသည်ဟု CPU/ CPA က ဆိုသည်။
ထို့အပြင် တိုက်ပွဲအသီးသီးတွင် အသက်ပေးလှူသွားခဲ့ကြသော အာဇာနည်များနှင့် ဒဏ်ရာရသူရဲကောင်းများကိုလည်း လေးနက်စွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

