(006SV)
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် စစ်ရေးပစ်မှတ်များ သာမက အရပ်သားပစ်မှတ်များပါ မကျန်အောင် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လက်ရှိမှာ ကန်ပက်လက်မြို့သို့ စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိပြီး အရပ်သား ပစ်မှတ် များပါ မကျန်အောင် “အကြီးအကျယ်” လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု ကန်ပက်လက် ပအဖအဖွဲ့က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်သည်။
ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ အိမ်တိုင်း အိမ်တိုင်းတွင် ပုန်းခိုကျင်းများ တူးခြင်း၊ လေကြောင်း သတင်းရရှိပါက ပုန်းခို ကျင်းများမှာ နေရာယူခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြရန် ထပ်မံသတိပေး နှိုးဆော်ထားသည်။
ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ဘေးရှောင် အရပ်သားပြည်သူများ နေထိုင်ရာ နေရာကို ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကန်ပက်လက် ပအဖထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်ကလည်း ကန်ပက်လက်မြို့ အရှေ့ခြမ်းရှိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာနေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်တိုက်ခိုက်ပြီး ဗုံး ၄ လုံး ကြဲချခဲ့သည်ဟု သိရသည်။
ဇွန်လ ၂၀ ရက်၊ မနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင်လည်း ကန်ပက်လက်မြို့အနီးနှင့် အရှေ့ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၄ စီးဖြင့် ၈ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဗုံး ၁၈ လုံးခန့် ကြဲချခဲ့သည်ဟု HKL Mindat ထံမှ သိရသည်။
မကွေး၊ ယောဒေသမှတဆင့် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

