(006SV)
ချင်းမြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းက CNF/CNA ၊ HPO/CDF- Hualngoram နှင့် CNO/ CNDF တို့၏ စစ်ရေး ပဋိပက္ခအတွင်း အညာညီနောင် (BNRA- GZA) နှင့် ယောတပ်တော် (Yaw Army) တို့သည် ပါဝင်ပတ်သက်မှု မရှိကြောင်း ယင်းအဖွဲ့အစည်းများက ကြေညာသည်။
ချင်း – မကွေးအစပ်၊ ယောဒေသအခြေစိုက် ယောတပ်တော်က ဇူလိုင်လအတွင်းဖြစ်ပွားသော CNO/ CNDF နှင့် HPO/CDF- Hualngoram ကြား ပဋိပက္ခတွင် အခြားသော အဖွဲ့အစည်းတချို့နှင့်အတူ ယောတပ်တော် ပါဝင်တိုက်ခိုက်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် CNF/ CNA တာဝန်ရှိသူက ပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်တွင်းရေးတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေး ကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်သည်ဟု သိရသည်။
ချင်းညီနောင် (CB) နှင့် မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြတ်ချရေးတွင် လက်တွဲပူးပေါင်း ဆောင်နေခြင်း ဖြစ်သော်လည်း ချင်းအမျိုုးသားတည်ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းလူထုအား သိရှိစေလိုသည်ဟု ယောတပ်တော်က အသိပေးထုတ်ပြန်သည်။
ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ဖလမ်းပဋိပက္ခတွင် ယောတပ်တော် ပါဝင်ကြောင်း ပြောဆိုခဲ့မှုမှာ မြေပြင်သတင်း အားနည်းချက်ဖြစ်နိုင်ကြောင်း အကြောင်းပြန်ပြီး ယင်းသို့ မမှန်ကန်ကြောင်း ဆက်သွယ်လာသည်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။
ထို့အပြင် ဇူလိုင်လအတွင်း ဖလမ်းမြို့နယ်က လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွင် စစ်ကိုင်းတိုင်းအခြေစိုက်၊ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် အညာညီနောင် (BNRA – GZA) အနေဖြင့် ပါဝင်မှု လုံးဝ မရှိကြောင်း ပြည်သူများကို အသိပေးလိုသည်ဟု ဇူလိုင်လ ၁၃ ရက်မှာ ကြေညာထားသည်။
ပြီးခဲ့သည့် ဇွန်လတွင် CNO/ CNDF မှ စီစဉ်သော စနိုက်ပါသင်တန်းကို အညာညီနောင်မှ သင်တန်းသားအချို့ စေလွှတ်ခဲ့ပြီး ယခုအခါ လတ်တလော ပဋိပက္ခများကြောင့် တပ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် လတ်တလော ဖြစ်ပွားနေသော ချင်းတော်လှန်ရေး ညီအစ်ကိုများ၏ ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင်အနေဖြင့် လုံးဝ ပါဝင်မှု မရှိကြောင်း၊ ချင်းတော်လှန်ရေးညီအစ်ကိုများ လက်ရှိ အခက်အခဲ အကြပ်အတည်းများကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ပါစေကြောင်း အညာဒေသမဟာမိတ်ညီနောင်က တိုက်တွန်းသည်။
အညာညီနောင် (BNRA- GZA) နှင့် ယောတပ်တော် (Yaw Army) တို့သည် ချင်းညီနောင် (CB) အဖွဲ့၏ စစ်ရေး မဟာမိတ်အဖွဲ့များဖြစ်ပြီး ချင်းပြည်နယ်အတွင်းက မြို့သိမ်းတိုက်ပွဲများတွင် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။
ဖလမ်းမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက်မှစတင်၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် တိုက်ပွဲများဖြစ်ပွားပြီး ဇူလိုင်လ ၅ ရက်တွင် HPO/CDF-Hualngoram နှင့် ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ ထိန်းချုပ်ရာ ရိခေါဒါရ်မြို့ကို CNO/CNDF က ထိုးစစ်ဆင် ထိန်းချုပ်လိုက်သည်၊ တဖန် CNDF စစ်ရုံးချုပ်တည်ရာကို CNA ပူးပေါင်းတပ်က ထိန်းချုပ်မှုရှိလာခဲ့သည်။
ယင်းနောက် CNO/CNDF နှင့် CNF/CNA, CDF-Hualngoram တို့ကြား စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခဲ့ပြီး ချင်းလဲန်း ကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်၏ စစ်ရေးပဋိပက္ခအသွင်ထိပင် ရောက်ရှိလာခဲ့ရာ ဇူလိုင်လ ၁၁ ရက်တွင် CNO/ CNDF က ရိခေါ်ဒေါရ်မြို့မှ ပြန်လည်ဆုတ်ခွာသွား၍ နှစ်ဖက်တင်းမာနေမှုများ ပြေလျော့လာသည်ဟုသိရသည်။