Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

0
By Editor on April 2, 2026 Headline

(006SV)

စစ်အာဏာရှင်တော်လှန်‌ရေး ၅ နှစ်ကျော် ရှိလာချိန်မှာ ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးလာသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်း စစ်သား စုဆောင်းမှု ပုံစံများနှင့်ပတ်သက်၍ ချင်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများအကြား ဝေဖန်မှု မြှင့်တက်လာနေသည်ဟု သိရသည်။

ဖေဖော်ဝါရီလမှ စတင်၍ ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့ဝင်များသည် ချင်းလူငယ်များကို စစ်မှုထမ်းမူဝါဒအရ စစ်သားစုဆောင်းမှုအား ပုံစံမျိုးစုံဖြင့် ဖမ်းဆီး ခေါ်ဆောင်မှုများအထိ ပြုလုပ်လာရာ လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းအတွင် သက်ရောက်မှု ကြီးမားနေပြီး ထွက်ပြေးတိမ်းရှောင်မှု များလည်း ဖြစ်ပွားနေကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ လိုင်တွီး၊ မွီးဇောလ်၊ ဒိမ်ပီး၊ ဘွင်(Buan) စသည့် ကျေးရွာများမှ လူငယ် ဆယ်ချီကို PDF – Zoland တပ်ဖွဲ့က စစ်သားစုဆောင်းသွားခဲ့ပြီး ကျေးရွာတချို့မှာ သဘောမတူညီမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲလိုအတင်းအဓမ္မ လုပ်တဲ့ အခါကြတော့ ဘယ်သူမှ လက်မခံနိုင်ဘူး။ တချို့ကလေးတွေဆိုရင် ကလေးမြို့ကနေ စကမက ဖမ်းခံရမှာ ကြောက်လို့ တောင်ပေါ်က လုံခြုံတယ်ဆိုပြီး လာပြီး ခိုလှုံနေကြတဲ့ လူငယ်တွေ တော်တော် များများ ရှိတယ်။ အခုလည်း CDF တွေကို ကြောက်လို့ ပြန်ရှောင်ရမယ့် ပုံစံမျိုး ဖြစ်နေတာပါ။ စကစက လုပ်တာတွေကို မကြိုက်လို့ တော်လှန်ပါတယ်ဆို ၊ တော်လှန်နေတဲ့ လူတွေကလည်း အဲလို လုပ်လာတယ်ဆိုရင် ပြည်သူတွေအနေနဲ့ လုံးဝ လက်မခံနိုင်တဲ့ အရာပေါ့လေ။ ကိုယ့်ဆန္ဒ သဘောနဲ့ သွားမယ်ဆိုရင် ဘယ်သူမှ မတားဘူး။ ဒါပေမယ့် ဒီလို အတင်းအဓမ္မ စစ်သားစုဆောင်းတာမျိုးကြတော့ ဘယ်သူမှ လက်မခံချင်ကြဘူး။ သူတို့ကို သဘောကျပါတဲ့ ဆိုတဲ့ ကျေးရွာတွေ တောင်မှ အဲဒီလို အတင်းစစ်သားစုဆောင်းမယ်ဆိုရင် ဘယ်သူမှ လက်ခံမှာလည်း မဟုတ်ဘူး။ အဲလို အဓမ္မ စစ်သားစုဆောင်းနေတော့ ရွာကနေ တီးတိန်မြို့ပေါ်ကို လာတဲ့ လူတွေကလည်း ကြောက်ရတယ်။ ဘာလို့လဲဆို‌တော့ အဲဒီ ဂိတ်တွေကို ဖြတ်ရတာကိုး။ တချို့ကျေးရွာတွေမှာ လူငယ်တွေက ညတွေမှာ အိမ်တွေမှာလည်း မအိပ်ရဲဘူး” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂၄ ရက်မှာ စစ်မှုထမ်းမူဝါဒထုတ်ပြန်ပြီးနောက် မတ်လအတွင်း ဘွင် (Buan) ကျေးရွာမှ ကလေးများအပါအဝင် လူငယ် ၂၉ ဦး၊ လိုင်တွီးရွာမှာ လူငယ် ၁၂ ဦး၊ မွီးဇော်လ်ရွာမှ ၃ ဦး၊ ဒိမ်ပီးရွာမှ လူငယ် ၆ ဦးတို့ကို PDF – Zoland က ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

မတ်လ ၂၅ ရက်က လိုင်းတွီးရွာမှ ဒေသခံပြည်သူများသည် ဖမ်းဆီးခေါ်ဆောင်ခံရသော ရွာသား ၁၀ ဦးကျော်ကို ပြန်လွတ်ပေးရန် ဆန္ဒပြခဲ့ကြသည်။

မတ်လ ၃၁ မှာ စစ်မှုထမ်းကင်းလွတ်ခွင့် ရမည့် အချက် ၄ ချက်ကို PDF – Zoland က ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ် ၂၀ ခန့်ကို ပြန်လွှတ်ထားပြီဟု ကြေညာသည်။

မတ်လ ၁၅ ရက်ကလည်း ဟားခါးမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့က လူငယ် အယောက် ၉၀ ခန့်ကို စစ်မှုထမ်း မှုဝါဒအရ ခေါ်ဆောင်သွားသည်ဟု ဟားခါးဒေသခံက ပြောသည်။

လက်ရှိတွင် ဒေသခံလူငယ်များသည် အပြင်မထွက်ရဲဘဲ တိမ်းရှောင်နေထိုင်ကြရပြီး ဒေသခံပြည်သူတချို့မှာလည်း လူငယ်များ ဖမ်းဆီးခေါ်ဆောင်သွားမှုကို သဘောမတူ၍ ဝေဖန်နေသည်ဟု သိရသည်။

“သူတို့ လုပ်ပုံ လုပ်နည်း လုပ်ဟန်ကတော့ ကျနော်ကတော့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီမှာ တွေ့တဲ့ လူအကုန် လိုက်ဖမ်းကြတယ်။ သူတို့ မိသားစုကိုလည်း အကြောင်းမကြားဘူး။ တွေ့တဲ့ နေရာမှာ ဖမ်းပြီးတော့ သူတို့က ဌာနချုပ်ကို ခေါ်သွားတာပါ၊၊ ဌာနချုပ် အဲဒီမှာလည်း သူတို့ မိသားစုနဲ့ လုံးဝ တွေ့ခွင့်မရဘူး။ သူတို့ လုပ်တာက လက်မခံချင်စရာပေါ့နော်။ အခုလောလောဆယ်မှာတော့ တော်လှန်ရေး လုပ်တဲ့ လူတွေနဲ့ ပြည်သူလူထုကြားမှာ လုံးဝ အဆင်မပြေတဲ့ ပုံဖြစ်နေတယ်။ ပြည်သူတွေက သူတို့ကို စိတ်ပျက်တဲ့ ပုံ ပေါက်နေတယ်။ တော်လှန်ရေး လုပ်တယ်ဆိုပြီးတော့ ပြည်သူတွေကို မတရားဖမ်းတာတွေက အကြမ်းဖက်စစ်တပ်နဲ့ အတူတူပဲ လို့ မြင်ကြတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

တွန်းဇံ၊ ဟွာလ်းငိုးရမ်း၊ မတူပီ၊ ထန်တလန်၊ ဟားခါး၊ တီးတိန်၊ ပလက်ဝ စသည့် ဒေသများတွင်လည်း ချင်းကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒအရ စစ်သားစုဆောင်းမှုများကြောင့် ဒေသခံ လူငယ်များသည် မိမိရပ်ရွာမှာ တိမ်းရှောင် နေကြရသကဲ့သို့ တချို့သည် အိုးအိမ်စွန့်ခွာ၍ ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှု မြင့်မားလာကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ထားသော ဒေသအတွင်းမှ အရွယ်ရောက်လူငယ်များကို ခရီးသွားလာခွင့် ကန့်သတ်ထားပြီး တပ်ဖွဲ့၏ ထောက်ခံချက်ပါမှသာ ခရီးသွားလာခွင့် ပြုကြောင်း၊ စစ်မှုမထမ်းပါက နယ်နှင်ဒဏ် ပေးမည်ဟုလည်း သတိပေးသည်ဟု သိရသည်။

ချင်းတောင်ပိုင်းရှိ CPU/ CPA ထိန်းချုပ်ဒေသတွင်လည်း တပ်အင်အားတည်ဆောက်ရန် စစ်သားစုဆောင်မှုများ ပြင်ဆင် ပြုလုပ်နေသောကြောင့် ဒေသခံလူငယ်များသည် အဆိုပါမြို့နယ်များမှာ တိမ်းရှောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံတချို့က ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့သည် စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်ရာတွင် တပ်ဖွဲ့ကို ထောက်ခံသော ရွာနှင့် မထောက်ခံသော ရွာများအကြား ဘက်လိုက်မှုများလည်း ဖြစ်ပွားနေကြောင်း၊ တပ်သားစုဆောင်းမှုများကို ငွေကြေး ပေးနိုင်ပါက ပြန်လွှတ်ပေးမှုများ ရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San က ပြောသည်။

“ဒီဟာ လုပ်ခြင်းအားဖြင့် ဘယ်ဟာတွေကို ဂရုစိုက်ရမယ်ဆိုတာက ပြန်စိစစ်သုံးသပ်ဖို့အတွက် လိုတယ်။ ဥပမာ တချို့ ဒေသဘက်မှာဆိုရင် တစ်ရွာလုံးက ရွာကို စွန့်ပြီးမှ တခြားဒေသမှာ ရွေ့ပြောင်းနေထိုင်ကြဖို့အထိ ပြင်ဆင်နေကြတယ် လို့ ကြားရတယ်။ ပြည်သူတွေကို အတင်းအဓမ္မ ဖိအားပေးတာမျိုး မလုပ်စေချင်ဘူး။ ဒါပေမယ့် ဒီဟာသည် တော်လှန် ရေးကာလဖြစ်တဲ့အတွက် လူမျိုးလွတ်လပ်ဖို့၊ တိုင်းပြည်လွတ်လပ်ဖို့ တစိတ်တပိုင်းကနေ ပါဝင်ရမယ်ဆိုတဲ့ အမျိုးသား အသိပိုင်းကို များများ အသိပညာပေးပြီးမှ လုပ်ဆောင်တာမျိုးက ပိုထိရောက်မယ်လို့ ထင်တယ်။ ဒါမှ မဟုတ် အတင်း အဓမ္မ ဖမ်းဆီးတာမျိုးတော့ မလုပ်သင့်ဘူး။ ကျနော်တို့ သတင်းတွေ ကြားသိနေရပါတယ်။ သူတို့ ဘာသာ ဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေပေါ့။ မြေပြင်ကနေ ဒေသခံ ရွာသူ ရွာသားတွေဆီကနေ သတင်းတွေအများကြီး ရတယ်။ နာမည်တပ်ပြောရရင် CDF – ဟွာငိုရမ်းဒေသတွင်းမှာ ရှိတဲ့ လူတွေ တော်တော်လေ ဒုက္ခရောက်နေတာတွေ အများကြီး ရီပို့စ်တက်လာတာ တွေ့ရတယ်”ဟု ICA မှ Salai Van Sui San က ပြောသည်။

HPO/CDF-Hualngoram ဘက်ကတော့ ဟွာလ်းငိုးရမ်းဒေသအတွင်းမှာနေထိုင်ကြသော ပြည်သူများကို အတင်း အဓမ္မဖမ်း ဆီးကာ စစ်သားစုဆောင်းမည်မဟုတ်ကြောင်း ပြည်သူများ အထိတ်တလန့်မဖြစ်ကြရန် မတ်လ ၃၁ ရက်နေ့ကထုတ်ပြန်ထား သည်။

လက်ရှိမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၏ စစ်မှုထမ်းမူဝါဒသည် လိုအပ်ချက်အရ ဖော်ဆောင် ရခြင်းဖြစ်၍ လက်ခံသော်လည်း အကောင်အထည်ဖော်မှုပိုင်းတွင် ဝေဖန်စရာများ ဖြစ်ပေါ်နေသည်ဟု Chin Civil Movement – CCM ပြောရေးဆိုခွင့်ဟောင်းနှင့် ချင်းအရေး လှုပ်ရှားနေသူ Eddie က ပြောသည်။

“ဒီကာလက စစ်မှုထမ်းဖို့ အတွက်က လိုအပ်တယ်။ လုပ်ဖို့လည်း လိုအပ်တယ်။ ရှိနေပြီးသာ အဖွဲ့တွေနဲ့ပဲ ဖြတ်သန်းနေတာ မှန်တယ်။ သို့သော် တဖက်မှာ ဘယ်လိုအကောင်အထည်ဖော်သလဲဆိုတဲ့ အချက်က အများကြီး အရေးကြီးတယ်၊ နောက်တစ်ခုက ကျနော်တို့ ချင်းမှာ အဖွဲ့ပေါင်းက ၁၅ ကနေ ၂၀ ကြား ရှိဦးမယ်လို့ ယုံကြည်တယ်။ အဲဒီအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင် ကိန်းဂဏန်းကို ပြန်တွက်မယ်ဆိုရင် ကျနော်ထင်ပါတယ်၊၊ တစ်သောင်းနီးပါး ရှိမယ်ပေါ့။ ဥပမာပေါ့နော်၊၊ အဲဒီ တစ်သောင်းနီးပါးဟာ အကုန်ပေါင်းပြီး တပ်၊ တစ်တပ်အနေနဲ့ နေနိုင်တယ်ဆိုရင် လက်ရှိ စစ်မှုထမ်း ခေါ်ဖို့ နေနေ သာသာ လျော့ကို လျော့ချရမယ့် အနေအထား၊ မလျော့ချရရင် တောင်မှ တခြားအဖွဲ့တွေကို စစ်ကူ ပေးလို့ ရတဲ့ အနေအထားမျိုး ဖြစ်တယ်။ ကျနော်တို့ ချင်းအတွက်ဆိုရင် လုံလောက်တယ်လို့ ပြောလို့ ရတယ်။ ကျနော်တို့က ပေါင်းစည်းဖို့ ကိစ္စကို လုံးဝတင်းတင်းခံခံဖြစ်ပြီးတော့ လူထုကိုပဲ ပြန်ပြန်ပြီး မဲနေတာက ဒီဟာက လူထုနဲ့ ပိုဝေးသွားမှာ ဖြစ်တဲ့အတွက် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ စစ်မှုထမ်း ကိစ္စလုပ်တဲ့ အချိန်မှာ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းနဲ့ လုပ်ပုံ လုပ်နည်းတွေ သေသေချာချာ စဉ်းစားပြီး အရှည်ကို တွေးပြီးတော့မှ လုပ်ကြစေချင်တယ်” ဟု Eddie က ပြောသည်။

ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးသည် ပကတိလိုအပ်ချက်ဖြစ်ပြီး လိုအပ်လာပါက ချင်းလဲန်ပြည်သူ အားလုံး လက်နက်စွဲကိုင်ကာ ချင်းလဲန်ကို ကာကွယ်ကြရ မည်ဟု ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ယခုနှစ် ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ပြောသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက် ပြုလုပ်သော Defense Coordination Team (DCT) ၏ ပထမ အကြိမ် အစည်းအဝေး (၁/ ၂၀၂၆) ဆုံးဖြတ်ချက် (၁) အရ အဖွဲ့ဝင်များသည် ၎င်းတို့ ထိန်းချုပ်ဒေသများ တွင် စစ်မှုထမ်းမှုဝါဒ ကျင့်သုံးပြီး တပ်သားစုဆောင်းရန် ဆုံးဖြတ်သည်ဟု သိရသည်။

ချင်းပြည်အစိုးရက လူငယ်တိုင်း စစ်မှုမထမ်းမနေရ စနစ် ဖော်ဆောင်ရမှုသည် လက်ရှိတော်လှန်ရေးကာလတွင် ပြည်သူ တစ်ယောက်ချင်းစီက ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရန်နှင့် လူငယ်တိုင်း၊ လူတိုင်း ပါဝင်၍ ရစေရန် ပြဌာန်းခြင်းဖြစ်သည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တော်လှန်ရေးကာလ ၅ နှစ်ကျော်ရှိလာချိန်တွင် ချင်းပြည်နယ်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားသည်လည်း ဟားခါး နှင့် တီးတိန်မြို့ပေါ်မှာသာ လည်ပတ် နိုင်တော့သည်။

ယခုလက်ရှိတွင် စစ်ကော်မရှင်သည် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာကာ ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသည်မှာ ၅ လခန့်ရှိလာပြီး ချင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသည့် လူငယ် ၂၀ ဦးကို PDF Zoland က နေရပ်သို့ ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.