(004SS)
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ဟားခါး၊ တီးတိန်နှင့် ခိုင်ကမ်းမြို့တို့တွင် စစ်ကောင်စီ လက်အောက်ခံ အခြေခံကျောင်းများ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်ကြသော အ.ထ.က – ၁၊ ၂ ၊ ၃ နှင့် အ.ထ.က -၄ တို့နှင့် အခြားသော ကိုယ်ပိုင်ကျောင်းများကို ယနေ့မှစ၍ ဖွင့်လှစ်ခြင်းဖြစ်ကာ ယခင်နှစ်များထက် တက်ရောက်သူများပြားကြောင်း သိရသည်။
“ဒီနေ့ ကျောင်းစဖွင့်ပြီ။ အထက်တန်းကျောင်းတွေအကုန်လုံး ဖွင့်တယ်။ နောက် အခုကိုယ်ပိုင်ကျောင်းတွေလဲ များလာ တယ်။ သူတို့ကလဲ အကုန်ဖွင့်တယ်။ အခု လက်ရှိ ဟားခါးမှာ စစ်ရှောင်တွေရော၊ ဒေသခံတွေရော ဆိုတော့ ကျောင်းတက် တဲ့သူတော့ တော်တော်များတယ်။ ပြောရရင် အရင်နှစ်တွေထက် ဒီနှစ်က ကျောင်းတက်သူ ပိုများတယ်၊ ကျောင်း လဲ ပိုများတယ်” ဟု ဟားခါးမြို့နေ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီ ဟားခါးမြို့တွင် ကိုယ်ပိုင်ကျောင်း ၃ ခုခန့်သာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ပိုင်ကျောင်း ၁၀ ခုကျော်ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။
အလားတူ တီးတိန်မြို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ အမှတ်- ၁ အခြေခံအထက်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ကာ ကလေးမြို့အစပ်တွင်တည်ရှိသော ခိုင်ကမ်းမြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ အခြေခံအထက် တန်းကျောင်း တစ်ကျောင်းကို ယနေ့ ဖွင့်လှစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိသည့်အနက် မြောက်ပိုင်းရှိ ဖလမ်း နှင့် တွန်ဇံမြို့နယ်အပါအဝင် တောင်ပိုင်းရှိ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်များကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်သောကြောင့် စစ်ကောင်စီယန္တရားလည်ပတ်ခြင်းမရှိတော့ပေ။
ယခုလက်ရှိတွင် ဟားခါး၊ ထန်တလန်၊ တီးတိန် နှင့် ခိုင်ကမ်းမြို့များတွင်သာ စစ်ကောင်စီတပ်များ ကျန်ရှိနေသေးသည်။
ထန်တလန်မြို့တွင်မူ တစ်မြို့လုံးပြည်သူများ စစ်ဘေးတိမ်းရှောင်ကြရကာ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိပေ။
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝှမ်းရှိ စစ်ကောင်စီပညာရေးဝန်ကြီးဌာနလက်အောက်ခံ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။