(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉) နှင့် စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း မြောက်များစွာကို ရက္ခိုင်တပ်တော် AA က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်လာသည်။
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝမြို့နယ်တစ်ခုလုံးမှ တပ်စခန်းများ အားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေကာ ဇန်နဝါရီလ ၁၀ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ စစ်ကောင်စီတပ် စစ်စခန်းများကို ထောက်ပိုပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးဖြစ်သည်ဟု သိရသည်။
ဇန်ဝါရီလ ၁၄ ရက်မှစတင်၍ ပလက်ဝမြို့နယ်တစ်ခုလုံးသည် “စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသ” ဖြစ်လာပြီး ပလက်ဝမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း AA က ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစ၍ ပလက်ဝမြို့နယ်အတွင်းက “တရွန်အိုင်”နှင့် နှုံးဘူး” ဗျူဟာနှစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၆၃ ရက်အကြာတွင် ပလက်ဝမြို့နယ်တစ်ခုလုံးက စစ်ကောင်စီစစ်စခန်းများ၊ ရဲစခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။