Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် တောင်ပိုင်းတွင် ၂ လနီးပါးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ နီးပါးရှိ၊ ၁ နှစ်အောက် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

ချင်းပြည်နယ် တောင်ပိုင်းတွင် ၂ လနီးပါးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ နီးပါးရှိ၊ ၁ နှစ်အောက် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

0
By Editor on February 6, 2025 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များတွင် လူကြီး၊ ကလေးမရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယရောဂါ ဖြစ်ပွားမှုများနေပြီး ၂ လနီးပါးအတွင်း ရောဂါဖြစ်ပွားသူ ၄၈၀ ကျော်ရှိကာ ၁ နှစ်အောက် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးပြီဟု ချင်းပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ကျန်းမာရေးအဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးအဖွဲ့အစည်း၏ သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ မင်းတပ်မြို့နယ်အတွင်း ၁၄၃ ယောက်၊ မတူပီမြို့နယ်အတွင်း ၁၉၀ ယောက်၊ ကန်ပလက်မြို့နယ်အတွင်း ၂၄ ယောက်၊ ပလက်ဝမြို့နယ်အတွင်း ၁၂၄ ယောက် ဖြစ်ပွား‌ကြောင်း သိရသည်။

ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပလက်ဝမြို့နယ်တွင် ၁ နှစ်အောက်ကလေး ၂ ယောက်၊ မင်းတပ်မြို့နယ်တွင် ၁ နှစ်အောက်ကလေး ၁ ယောက်နှင့် လူကြီး ၁ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပြီး အထူးသဖြင့် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှု ပိုမိုဖြစ်ပွားနေကြောင်း ချင်းပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသောအဖွဲ့မှ တာဝန်ရှိသူ ဆရာမက ပြောသည်။

“ဖြစ်တာက‌တော့ လူကြီးရော၊ ကလေးရော ဖြစ်တယ်။ ၅ နှစ်အောက်ကလေး ဖြစ်ပွားနှုန်းက ပိုများတာပေါ့နော်။ အခု သေဆုံးတာတေက အများဆုံး ကလေးတွေမှာဖြစ်တာပေါ့လေ။ သူတို့ကကျတော့ ဝမ်းလျှောပြီဆိုတာနဲ့ လူကြီးတွေလို ဓါတ်ဆားကို မသောက်သောက်အောင် လုပ်လို့မရဘူးပေါ့နော်။ drip ချိတ်ဖို့ဆိုလို့ရှိရင်လဲ ရွာတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လေ” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော ကလေးငယ်အများစုမှာ ကာကွယ်ဆေးမရသော ၂ နှစ်အောက် ကလေးငယ်များဖြစ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

ချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ပြည်သူများ၊ စစ်ရှောင်ကာလကြာမြင့်လာပြီး သန့်ရှင်းသောရေ မသောက်သုံးနိုင်ခြင်း၊ ယင်လုံအိမ်သာ မသုံးနိုင်ခြင်း စသည့် အကြောင်းရင်းများကြောင့် ဝမ်းပျက်ဝမ်းလျှောကူးစက်မှုမှာ ယခင်ကထက် ပိုမိုဖြစ်ပွားနေ‌ကြောင်း၊ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများဆီ စောလျင်စွာ သတင်းပို့ရန်လိုအပ်ကြောင်း ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူဆရာမက ဆက်လက်ပြောသည်။

“အဓိက, ကတော့ ကျွန်မတို့ ရေကို သန့်သန့်ရှင်းရှင်း၊ ကျိုချက်ပြီး သောက်သုံးနိုင်တဲ့အနေအထားမှာ မရှိဘူးပေါ့နော်။ အားလုံးက စစ်ရှောင်ကြတော့ သွားရင်းလာရင်း ရေစိမ်းပဲ သောက်ဖြစ်ကြတယ်။ နောက် ယင်လုံအိမ်သာတွေ မသုံးတာပေါ့နော်။ စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလဲပါတယ်။ လူတွေကလဲ ကိုယ်ခံအားကျတာလဲပါတယ်ပေါ့နော်။ ဆိုတော့ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ‌ပိုဖြစ်တယ်။ တစ်ချို့ အင်တာနက် ဖုန်းလိုင်းမရတဲ့နေရာမှာ ရပ်/ကျေး တာဝန်ခံတွေက အရေးကြီးတယ်။ သူတို့ကနေ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းဆီ အကြောင်းကြားပေးဖို့ အရေးကြီးပါတယ်။ ဆိုတော့ ကျွန်မတို့ သတင်းရတာနဲ့ ချက်ချင်း တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ အဓိက, ကတော့ စောစောစီးစီး သတင်းရဖို့ ိုပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ချင်းပြည်နယ်တောင်ပိုင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော ကျေးရွာအများစုမှာ လူဝင်လူထွက်များပြီး လူဦးရေများပြားသော ကျေးရွာများ၊ ကားလမ်းမပေါ်ရှိ ကျေးရွာများတွင် ပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

ချင်းကျန်းမာရေးအဖွဲ့အစည်းအနေဖြင့် ဓါတ်ဆားအပါအဝင် လိုအပ်သောဆေးများဖြင့် ချက်ချင်းကုသပေးခြင်း၊ သောက်ရေတွင် water purification tablets, chlorine ဆေးပြားများခတ်‌ခြင်း၊ သုံးပေးခြင်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက ဓါတ်ဆားရေကို ချက်ချင်းတိုက်ရန်၊ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ ကုသမှုရယူနိုင်ရေး ချက်ချင်းအကြောင်းကြားရန်၊ ယင်လုံအိမ်သာများအသုံးပြုရန် အလွန်အရေးကြီးပြီး အိမ်သာခွက်ကို အဖုံးဖုံးပေးခြင်း၊ အိမ်သာကျင်းကိုလည်း ယင်လုံ‌အောင် ဖုံးပေးခြင်း၊ အိမ်သာတက်ပြီးတိုင်း အသုံးပြုသော tissue/ စက္ကူ/ တုတ်များကို အမှိုက်ပုံးထဲတွင် စနစ်တကျပစ်၍ အဖုံးဖုံး‌ပြီး‌နောက် အမှိုက်များအား မီးရှို့ရန်၊ အိမ်သာတက်ပြီးတိုင်း (အပေါ့ အလေး သွားတိုင်း) နှင့် အစာမစားခင်နှင့် စားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြော‌ရန်နှင့် အစားအစာများကို သန်ရှင်းစွာထားရန်၊ သောက်ရေကို filtration ဖြင့် သန့်စင်ပြီးဖြစ်သော်လည်း ကျိုချက်ပြီးမှ သောက်ရန်စသည့် အချက်များကို လိုက်နာသင့်ကြောင်း ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်လျှောက်မှုပေးနေသောအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနေသော အဖွဲ့အနေဖြင့် မြေပြင်တွင် ပိုမိုထိရောက်‌သော ပြည်သူ့ကျန်းမာရေးစောင့်လျှောက်မှုများ ပေးနိုင်ရန် ပြည်သူလူထုနှင့် ဒေသအုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများ၏ ကူညီပံ့ပိုးမှုလည်း လိုအပ်ကြောင်း သိရသည်။

“ကျွန်မတို့ ကျန်းမာရေးစောင့်လျှောက်မှုတွေပေးတဲ့အခါ၊ အခု လက်ရှိ ချင်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအရ အဖွဲ့အစည်းတွေ ကွဲကြတာတွေရှိတယ်ပေါ့နော်။ အဲဒီ effect ကို ကျန်းမာရေးမှာ လာပြီးတော့ မသက်ရောက်စေဖို့။ ကျန်းမာရေးအတွက် သွားလာနေတဲ့ ဆရာမတွေ၊ ဆေးဝါးတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်၊ သယ်ယူခွင့်ပြုဖို့ အရေးကြီးပါတယ်။ အဲဒါကို ကျွန်မတို့ ပြည်သူလူထုကနေ‌ရော၊ တာဝန်ရှိသူတွေဆီကနေ အကူအညီရနိုင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ကျန်းမာရေးလုပ်ငန်းက ပိုပြီး ထိရောက်မှာပေါ့နော်“ ဟု ချင်းကျန်းမာရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.