(006SV)
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ချက်များ ပြုလုပ်ခဲ့ရာတွင် ချင်းပြည်ကောင်စီ အတွက် အစုအဖွဲ့ ၃ ခုက ကိုယ်စားလှယ် ပါဝင်မှုတွင် ချင်းအမျိုးသားတပ်ဦး CNF က ကိုယ်စားလှယ် ပါဝင်မှုကို လျော့ချပြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်နှင့်ဒေသအဖွဲ့ ကိုယ်စားလှယ်ပါဝင်မှုလည်း အပြောင်းအလဲ ပြုလုပ်သည်။
ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်က ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ကျင်းပပြီး အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်၍ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်မှုများကို ပြုလုပ်သည်ဟု သိရသည်။
ယခင်ပြဌာန်းချက်တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော် လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ် ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ မြို့နယ်နှင့်ဒေသ အဖွဲ့ ကိုယ်စားလှယ် ၈၆ ဦး စသဖြင့် ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းသည်ဟု ဆိုသည်။
ပြင်ဆင်ချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၁၅ ဦး၊ ဒေသသီးခြား မရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ၊ ဒေသသီးခြားရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၅ ဦးစီနှင့် ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီတို့ဖြင့် ချင်းပြည်ကောင်စီကို ဖွဲ့စည်းသည်ဟု ဆိုသည်။
အခြားပြင်ဆင်ချက်တစ်ခုမှာ ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းရာတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦး၊ ချင်းလွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်နှင့်ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁ ဦးစီတို့ဖြင့် ဖွဲ့စည်းသည်ဟူ၍ ပြင်ဆင် ပြဌာန်းသည်။
ဥပဒေပြဌာန်းချက်နှင့် ပတ်သက်၍လည်း ချင်းပြည်လွှတ်တော်က ရေးဆွဲပြဌာန်းလိုက်သော ဥပဒေသည် ချင်းပြည်အစိုးရ ဝန်ကြီးချုပ်က ဥပဒေကြမ်းကို လက်ခံရရှိသည့် နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဥပဒေအတည်ဖြစ်နိုင်ရေး ပြင်ဆင်ပြဌာန်းသည်။
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၂ (င) ၊ ပုဒ်မ ၃၂(ဌ) (ဋ)၊ ပုဒ်မ ၃၂ (ဈ)၊ ပုဒ်မ ၃၆ ၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၈၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ (ခ) ၊ ပုဒ်မ ၈၅ (ဈ) နှင့် ပုဒ်မ ၉၂ စသဖြင့် ပုဒ်မ ၁၃ ခုကို ပြင်ဆင်၊ ပယ်ဖျယ်၊ ဖြည့်စွက်ချက်တို့ ပြုလုပ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များနှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း မရသေးပါ။
ချင်းပြည်ဖွဲ့စည်းပုံးအခြေခံဥပဒေ (၂၀၂၃)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ချင်းပြည်ကောင်စီ ညီလာခံက အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။