(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကို မကြာခင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF တာဝန်ခံ ကိုမြတ်သူက ပြောသည်။
“YDF ရဲဘော် ၂ ဦး အဖမ်းခံရတာက စတင်ရမယ်ထင်တယ်။ ကျနော်တို့ ဘာမှ အကြောင်းအရင်မသိရပဲနဲ့ ကျနော်တို့ YDF ရဲဘော် ၂ ဦးကို CNA ဖမ်းဆီးသွားပါတယ်။ မနေ့က (ဇူလိုင် ၁၀ ရက်) CNA စစ်ဦးစီးချုပ်က ပြောတာတော့ ဒီကနေ့ လွှတ်ပေးမယ်ပြောတယ်။ ဒီနေ့ ပြန်ပြောတာက ဒီနေ့ အဆင်မပြေသေးလို့ မနက်ဖြန်မှ လွတ်ပေးမယ်လို့ ပြောပါတယ်။ လမ်းတွေက မကြာခင် ပြန်ပွင့်မယ့်အခြေအနေ ရှိပါတယ်” ဟု YDF တာဝန်ခံ ကိုမြတ်သူက ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းသို့ မကွေးတိုင်းဘက်မှ ကုန်စည်တင်ပို့မှုတွင် အဓိကကျသော ထိုလမ်းမကြီးကို ဂန့်ဂေါမြောက်ဘက်၊ စိုင်ဒူးကျေးရွာနားက ဟားခါးလမ်းခွဲနေရာတွင် YDF က ဇူလိုင်လ ၈ ရက်မှစတင်၍ ယနေ့အထိ ပိတ်ထားသောကြောင့် ကား အစီးရေ ၇၀ ကျော်ခန့် ပတ်မိနေကြောင်း ဒေသခံများက ပြောသည်။
ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) မှ ထောက်ပို့မှူး ကိုအုပ်သိန်းနှင့် ရဲဘော် ကိုအောင်သက်ခိုင်တို့ကို ဂန့်ဂေါမြို့နယ်၊ ရောင်နက်ကျေးရွာ အနီးတဝိုက်တွင် ချင်းအမျိုးသားတပ်မတော် CNF/ CNA က ဇူလိုင်လ ၇ ရက်က ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် ထိုလမ်းမမှာ လုံခြုံရေးအရ ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယောကာကွယ်ရေးတပ် – YDF သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA)၊ Yaw Army တို့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။