(004SS)
ချင်းပြည်အတွင်း ကြုံတွေ့နေရသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးမှုပြဿနာကို ကျော်လွှားနိုင်ရန်အတွက် ၂၀၂၇ ခုနှစ် စာသင်နှစ် သူနာပြုနှင့် သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း တတိယအသုတ်ကို စတင်ခေါ်ယူနေကြောင်း သိရ သည်။
အဆိုပါသင်တန်းအတွက် စုစုပေါင်း သင်တန်းသူ/သားအယောက် ၄၀ လက်ခံသွားမည်ဖြစ်ပြီး ချင်းပြည်အတွင်းရှိ သူနာပြု ကျောင်းများတွင် တက်ရောက်ရမည် ဖြစ်သည်။
စိတ်ဝင်စားသူများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
ချင်းပြည်(Chinland)အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ကောင်စီ (ICMNMTS) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဤ Diploma in Nursing and Midwifery Program ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကာ ယခုတွင် တတိယအသုတ်အား လက်ခံခေါ်ယူနေခြင်း ဖြစ်သည်။
လျှောက်ထားလိုသူများသည် သင်ရိုးသစ် ၁၂ တန်း၊ သိပ္ပံဘာသာတွဲ အောင်မြင်ထားသူ၊ BECA စာမေးပွဲတွင် အနည်းဆုံး Grade C အဆင့် ရရှိထားသူ အသက် ၂၀ နှစ်အောက် အိမ်ထောင်မရှိသူ ဖြစ်ရမည်။
ထို့အပြင် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ၊ သင်တန်းပြီးဆုံးပါက ချင်းပြည်အတွင်း အနည်းဆုံး ၃ နှစ် ပြန်လည်တာဝန်ထမ်းဆောင်နိုင်သူနှင့် ကျောင်းစည်းကမ်း၊ ဆေးရုံစည်းကမ်းနှင့် အဆောင်စည်းကမ်းများကို လိုက်နာနိုင်သူ၊ လူတွေ့စစ်ဆေးခြင်းသို့ လာရောက်ဖြေဆိုနိုင်သူ ဖြစ်ရမည်ဟု သိရသည်။
လျှောက်လွှာတင်သွင်းရာတွင် ပညာရေးအထောက်အထား (အောင်လက်မှတ်၊ အမှတ်စာရင်း) နှင့် မှတ်ပုံတင်တို့ကို Google link တွင် တစ်ပါတည်း ပူးတွဲတင်ပြရမည်ဖြစ်ပြီး လူတွေ့/နှုတ်ဖြေ ဖြေဆိုချိန်တွင်လည်း မူရင်းများကို တစ်ပါတည်း ယူဆောင်လာရန်နှင့် ပြည်ပနိုင်ငံတစ်ခုခုမှ ဆယ်တန်းအောင်မြင်ထားသူ ဖြစ်ပါက သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံစာပါ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
စိတ်ဝင်စားသူများသည် Messenger မှတစ်ဆင့် Google link တောင်းယူနိုင်သလို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေး အဖွဲ့များထံတွင်လည်း လျှောက်လွှာတောင်းခံနိုငါပြီး စက်တင်ဘာ ၁၀ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ဆိုသည်။
ရေးဖြေ/နှုတ်ဖြေ အောင်မြင်သော်လည်း နောက်ဆုံးအဆင့် ကျန်းမာရေးစစ်ဆေးမှု အောင်မြင်မှသာ ကျောင်းဝင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

