(006SV)
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီ (CWC) ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံ၍ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်က ချင်းပြည်(Chinland)အစိုးရအဖွဲ့ဝင်များနှင့် NLD ဗဟိုအလုပ်ကော်မတီအဖွဲ့တို့ အွန်းလိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်ဟု ချင်းပြည်အစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ပူးဇာထောင်းက ပြောသည်။
“NLD CWC တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ချင်းပြည်အစိုးရအဖွဲ့တို အဓိက ဆွေးနွေးတာတော့ ထွေထွေထူးထူး ဆွေးနွေး တာကတော့ မရှိသေးဘူး၊၊ ပထမကြိမ်ဆိုတော့ ၊ နောက်ထပ်ဆက်လက် တွေ့ဆုံဖို့နဲ့ NUG ၊ NUCC တာဝန်ရှိတွေနဲ့ တွေ့ဆုံဖို့၊ ချိတ်ဆက် ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ်ဘာတွေ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဓိက ဆွေးနွေးကြပါတယ်” ဟု ဝန်ကြီး ပူးဇာထောင်းက ပြောသည်။
အဆိုပါပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် နှစ်ဖက်သဘောတူညီချက်မျိုး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း NLD ၏ ပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ရန် ရည်မှန်းထားသော လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
“ဒီလို တွေ့ဆုံမှုက NLD ပါတီဆိုတာက ကျနော်တို့ တိုင်းပြည်ရဲ့ အင်အားကြီးပါတီဖြစ်သလို ယခု တော်လှန်ရေးမှာလည်း NLD ပါတီရဲ့ ပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေလို့ပါ။ပြီးရင် NLD ပါတီဆိုတာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းပြပါတီလို့ ဆိုရင်လည်း မမှားဘူး ထင်ပါတယ်။ NLD က ယခုတော်လှန်ရေးမှာ လုံးဝ လက်လွတ်ရမယ့် ပါတီမဟုတ်သလို မအလ အကြောက်ဆုံးပါတီ ဆိုလည်း မမှားပါဘူ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့ အချင်းချင်းမို့လို့ ရိုးရိုး သားသားဖြင့် တွေ့ဆုံကြခြင်း ဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ပူးဇာထောင်းက ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချင်းပြည်(Chinland) အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်၊ ကာကွယ်ရေးဝန်ကြီး Pu Ram Kulh Cung၊ ပြည်ထဲရေးဝန်ကြီး Pu Ram Chum Mang၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး Pu Maung Oo၊ ပညာရေးဝန်ကြီး Salai James Neih Thang၊ ကျန်းမာရေးဝန်ကြီး Dr. Sharon par ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်း၊ ချင်းအမျိုးသားတပ်ဦးမှ Dr. Sui Khar နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) CWC မှ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်၊ ဒေါက်တာခင်ဆောင်း၊ ဦးမျိုးနိုင်၊ ကျော်ထွေးတို့ တက်ရောက်သည်ဟု သိရသည်။

