(004SS)
ချင်းပြည် (Chinland) အစိုးရသည် ပြည်နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာ ရေး ကဏ္ဍများ ပိုမိုအား ကောင်းလာစေရန် အတွက် ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အရာရှိနှင့် ပညာရှင်သစ်များကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနသည် ပညာဌာနအရာရှိ (ဌာနစိတ်-၃ တာဝန်ခံ) ရာထူးအတွက် အချိန်ပြည့်ဝန်ထမ်း ခေါ်ယူနေသည်။
အဆိုပါ ရာထူးအတွက် လျှောက်ထားသူများသည် Microsoft Office အသုံးပြုမှု ကျွမ်းကျင်ရမည့်အပြင် မြန်မာ ဘာသာ စကား ကျွမ်းကျင်သူဖြစ်ရမည်ဖြစ်ပြီး၊ အင်္ဂလိပ်စာနှင့် စာရင်းကိုင်ပညာရပ် အတွေ့အကြုံရှိသူများကို ဦးစားပေး ရွေးချယ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ရွေးချယ်ခံရသူများသည် မြို့နယ်အသီးသီးရှိ ပညာရေးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရ မည်ဖြစ်ပြီး၊ ချင်းပြည်နယ်၏ ပညာရေးမူဝါဒနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ကော်မတီများတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်အပြင် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများနှင့် ပညာရေးအချက်အလက်များကို ပြုစုထိန်းသိမ်းရမည့် တာဝန် များလည်း ထမ်းဆောင်ရမည်ဟု သိရသည်။
လုပ်ငန်းခွင်နေရာမှာ ချင်းလုံမြို့တွင် ဖြစ်ပြီး လျှောက်လွှာများကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ် သည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာနကလည်း ချင်းပြည်နယ်အတွင်း ဆေးဘက်ဆိုင်ရာ ပညာရှင်များ လိုအပ်ချက်ကို ဖြည့် ဆည်းရန် အသစ်တည်ထောင်ထားသော သူနာပြုသင်တန်းကျောင်း အတွက် သင်ကြားရေးဝန်ထမ်း (၃) ဦးကို ခေါ်ယူနေ သည်။
သူနာပြုဘွဲ့ (Bachelor/Master) ရရှိထားပြီး အနည်းဆုံး (၂) နှစ် အတွေ့အကြုံရှိသူများက လျှောက်ထားနိုင်မည်ဖြစ်သည်။
ရွေးချယ်ခံရ သူများသည် သင်တန်းကျောင်းတွင် သီအိုရီနှင့် လက်တွေ့သင်ကြားမှုများ ပြုလုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ခြင်း၊ စာမေးပွဲနှင့် ဆန်းစစ်မှုများ ပြုလုပ်ခြင်းတို့ကို တာဝန်ယူရမည်ဖ့အပြင် သင်ကြားရေးလုပ်ငန်းများ၊ လိုအပ်ပါ က ဒေသတွင်းဆေးရုံများတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှောက်လွှာများကို မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး CDM ဝန်ထမ်းများဖြစ်ပါက ထောက်ခံစာ လိုအပ်မည်ဖြစ်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အီးမေးလ်များဖြစ်သော moe.goc@chinlandcouncil.org (ပညာရေး) နှင့် dg@chinlandmohs.org (ကျန်းမာရေး) တို့သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
ချင်းပြည်အစိုးရအနေဖြင့် ပဋိပက္ခဒေသများတွင် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိပြီး လူထုအကျိုးပြုလုပ်ငန်းများတွင် စိတ်အား ထက်သန်စွာ ပါဝင်လိုသူများကို အဓိက ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

