လက်ရှိ ဖလမ်းတိုက်ပွဲသည် ချင်းအားလုံးအတွက် တိုက်ပွဲဟုဆို
(006SV)
ချင်းပြည်နယ်တွင် စစ်ကော်မရှင်ကို မောင်းထုတ်ပြီးရင်း ချင်းလက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။
“ကျနော်တို့ ချင်းညီနောင်အနေနဲ့ အဓိကရန်သူက စစ်ကောင်စီဖြစ်တဲ့အတွက် စစ်ကောင်စီကို မောင်းထုတ်မယ်၊၊ ရန်သူကို မောင်းထုတ်ပြီးရင် နောက်ထပ် ဘာလုပ်မလဲဆိုရင် ကျနော်တို့မှာ plan (အစီအစဉ်) ရှိတယ်၊၊ ကျနော်တို့ လက်ခံထားတာက ချင်းဟာ တစ်ခုထဲ ဖြစ်ရပါမယ်။ တစ်ချင်းပဲ ဖြစ်ရပါမယ်၊၊ စည်းလုံးညီညွတ်ရပါမယ်။ ဒါကလည်း ကျနော်တို့ လုံးဝ ယုံကြည် မျှော်လင့်ထားတဲ့ အရာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ သွားနေပါတယ်။ ဘယ်သူကမှ ကျနော်တို့ကို စည်းလုံးညီညွတ် အောင်၊ အပြင်ကနေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကိုယ်တိုင်ရဲ့ ပြုမူနေထိုင်မှု၊ လုပ်ဆောင်မှု အပေါ်မှာပဲ ယုံကြည်မှုကို တည်ဆောက်ပြီး သွားနိုင်မယ်။ ပြည်သူလူထုကလည်း နားလည်ပါလိမ့်မယ်။ ကျနော်တို့ အခုချိန်မှာတော့ တချို့အရာတွေကို အချိန်မပေးနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဟာ ကျနော်တို့ မောင်းထုတ်ဖို့ လိုအပ်နေပြီ။ စစ်ကောင်စီကို မောင်းထုတ်ပြီးလို့ ရှိရင် သေချာတယ် ကျနော်တို့ စည်းလုံးညီညွတ်အောင် မဖြစ်မနေ ပြန်ပြီး ကြိုးစားသွားဖို့ ရှိပါတယ်” ဟု ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။
မတ်လ ၂၁ ရက် အွန်းလိုင်းမှတဆင့် ပြုလုပ်သည့် ချင်းညီနောင် စစ်ဆင်ရေး ရန်ပုံငွေပွဲတွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC/ ချင်းညီနောင် CB ဥက္ကဌ ထန်းချွန်ဖေက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
ချင်းတော်လှန်ရေးအဖွဲ့များအနေဖြင့် တော်လှန်ရေး သမိုင်းကို ပြန်ကြည့်ကြရန် လိုအပ်ပြီး ယင်းမှ သင်ခန်းစာများ ယူရန် လိုအပ် ကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှုများ ပျောက်ဆုံးပြီး ပဋိပက္ခကို ဦးတည်စေပါက အစမှ ပြန်၍ စတင်ရသည့်အတွက် ၅ နှစ်ဖြင့် ပြီးစီးရမှာကို ၁၀ နှစ်ခန့် ပြန်ကြိုးစားရနိုင်ကြောင်း၊ နောက်တခါပျက်ရင် တော်လှန်ရေး နှစ် ၅၀ ကြာသွားနိုင်သည်ဟု ထန်းချွန်ဖေ က သတိပေးသည်။
“ရန်သူကို အရင်မောင်းထုတ်ဖို့ လိုတယ်။ ချင်းညီနောင်က အမြဲတမ်းပြောနေတာက ရန်သူကို အရင်မောင်းထုတ်ဖို့ လိုတယ်။ တချို့အရာတွေက ရန်သူ ပြေးသွားလို့ ရှိရင် အားလုံး ချိတ်ဆက် စကားပြောလို့ ရတယ်။ တဖက်မှာလည်း ရန်သူကို ဝိုင်းပြီးတော့ ကာကွယ်ကြမယ်။ ကျနော်တို့ နယ်မြေကို သတ်မှတ်နေတာ မဟုတ်ဘူး။ ချင်းညီနောင်ရဲ့ နယ်မြေက ဘယ်နယ်မြေပါလို့ သတ်မှတ်နေတာ မဟုတ်ပါဘူး” ဟု ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။
လက်ရှိတော်လှန်ရေးတွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် NGO မဆန်ရန် လိုအပ်ပြီး NGO ပုံစံ ပြုလုပ်ပါက တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပဋိပက္ခကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးသည်။
စစ်ရေးဗဟာဗျူဟာကျသည့် ဖလမ်းမြို့ကို ကာကွယ်ခြင်းသည် ချင်းပြည်မှ တခြားဒေသများကို စစ်ကော်မရှင်တပ် နောက်ထပ် မရောက်ရှိလာစေရန် ကာကွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
ဖလမ်းတိုက်ပွဲတွင် မည်သည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့မှ Credit ယူစရာ မလိုကြောင်း၊ လက်ရှိဖလမ်းတိုက်ပွဲသည် ဖလမ်းတစ်ခု ထဲ၏ တိုက်ပွဲသာမဟုတ်ဘဲ ချင်းအားလုံးအတွက် လိုအပ်သည့် တိုက်ပွဲဖြစ်ကြောင်း ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။
“ဖလမ်းတိုက်ပွဲမှာ ဘယ်သူမှ Credit ယူစရာ အကြောင်း မရှိဘူး။ စုပေါင်းမှုကလည်း ပိုပြီးမှ အားကောင်းလာတာကို ကျနော်တို့ တွေ့ရတယ်။ စစ်မြေပြင်မှာ အတူတကွ တိုက်ပွဲဝင်နိုင်နေကြပြီး ဆိုတာကို၊၊ ဒါကို နောက်ထပ် မမှားဖို့ လိုတယ်ဆိုတာကို ပြောလိုခြင်းဖြစ်တယ်။ ကိုယ့်ကိုကိုယ် အရမ်း credit ယူချင်တဲ့အခါကြရင် နောက်ထပ် ယုံကြည်မှုတွေ ပြန်ပျောက်ဆုံးသွားရင် ဒါက အလကားပဲ၊ အဲဒါကြောင့် ကျနော်တို့က ပြောဆို ဆက်ဆံတဲ့အချိန်မှာလည်း စကားကို သတိထားဖို့ လိုတယ်။ အခု ဖလမ်းမြို့ နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ ချင်းအားလုံးအတွက် လိုအပ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ အထူးသဖြင့် ချင်းမြောက်ပိုင်း လက်နက်ကိုင် အားလုံးအတွက် တိုက်ကို တိုက်ရမယ့် တိုက်ပွဲဖြစ်နေလို့ အားလုံးက ဝိုင်းဝန်းတိုက်နေကြတာဖြစ်ပါတယ်” ဟု ICNCC/ CB ဥက္ကဌ ထန်းချွန်ဖေက ပြောသည်။
ဖလမ်းမြို့သို့ ဦးတည်၍ စစ်ကော်မရှင်တပ်သည် စစ်ကြောင်းများ ဖြန့်ခွဲကာ အင်အား တစ်ထောင်ခန့်ဖြင့် ဒရုန်း၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၄ လကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ စစ်အရာရှိများအပါအဝင် ၂၀၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှု များပြား ကြောင်း၊ ချင်းပူးပေါင်းတပ်မှလည်း ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။

