(006SV)
ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်လတစ်လတာအတွင်း အမျိုးသမီး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၈ ဦး သေဆုံးသည်ဟု ချင်းပြည်(Chinland) အစိုးရထံမှ သိရသည်။
ဇွန်လအတွင်း ချင်းပြည်နယ်တွင် စစ်တပ်သည် ဂျက်ဖိုက်တာ၊ Y – 12 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၈၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၅ ဦးတို့ သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၉ ရက် ထုတ်ပြန်သည်။
စစ်တပ်၏ မြေမြုပ်မိုင်းကြောင့်လည်း ဒေသခံပြည်သူ ၁ ဦးသည် ခြေတစ်ဖက် ဆုံးရှုံးရသည်ဟု ချင်းပြည်အစိုးရက ဆိုသည်။
ယခုကဲ့သို့ ချင်းပြည်နယ်တွင် စစ်ရေးပစ်မှတ်များသာ အပြစ်မဲ့ ပြည်သူများအပေါ် အကြောင်းမဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ချင်းပြည်အစိုးရအဖွဲ့က ရှုတ်ချကြောင်း ထုတ်ပြန်သည်။
ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားမှုအတွင်း အထိနာနေသည့်အတွက် စစ်ရေးပစ်မှတ်များသာမက နေအိမ်များ၊ အခြေခံအဆောက်အဦးများ စသော အရပ်ဖက်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေကြောင့် ဒေသခံပြည်သူများ လေကြောင်းသတိပြု နေထိုင်ရန် တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်ထားသည်။
မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၅ နှစ်ကျော်ကာလအတွင်း ပဋိပက္ခနှင့် ဆက်သွယ်သော သေဆုံးမှုအရေအတွက်မှာ တစ်သိန်းကျော် ရှိလာပြီဖြစ်ကြောင်း Armed Conflict Location & Event Data (ACLED) က ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ထားသည်။

