Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

0
By Editor on November 3, 2023 Featured

ရေး – Salai Vakok

“မောပန်းလွန်တဲ့ ဘဝတွေ၊ ဘယ်အချိန်ပြီးဆုံးမှာလဲ ၊ ခါးသီး လွန်တဲ့ အရပ်မှာ မနေချင်တော့ဘူး၊ ရှေ့ဆက်ရမယ့် လမ်းဟာ ဘယ်အချိန်အဆုံးသတ်ရမှာလဲ၊ ပြီးဆုံးသွားမယ့်နေ့တွေ ကြိုမျှော်လင့်ရင်း”

ဒီသီချင်းက ချင်းလဲန်းတောင်တန်းတွေပေါ်မှာ အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ ရဲဘော်၊ ရဲမေတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခံစားရေးဖွဲ့ထားတာပါ။

 တော်လှန်ရေးရဲဘော်တွေ အကုန်လုံး နားဆင်ဖို့၊ ရည်ရွယ်ရေးဖွဲ့သီဆိုတာဖြစ်သလို ပြည်တွင်း/ပြည်ပ ပြည်သူတွေလည်း ချင်းရဲဘော်လေးတွေအကြောင်းကို ပိုနားလည်စေဖို့လည်း ရည်ရွယ်ပါတယ်။

 ရေးဖွဲ့သီဆို သူက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ရဲဘော် ဆလိုင်းကီးဘွေပါ။ အသက် ၂၄ နှစ်အရွယ် သမိုင်း တတိယနှစ်ကျောင်းသား ဆလိုင်းကီးဘွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ စတင်ပါဝင်ခဲ့ပြီး တူးမီးတော်လှန်ရေးအထိ လက်နက်စွဲကိုင်ခဲ့သူပါ။

 “နေ့တိုင်း ညတိုင်းခက်ခဲမှုတွေ၊ စခန်းတွေမှာ ကျနော်တို့ ထမင်းနပ်မမှန်တာတွေလည်း ရှိတယ်။ ဒီလိုမျိုးအခြေအနေဆိုးတွေနဲ့ ကြုံလာတဲ့အခါ ပိုပြီးတော့ ခံစား၊ ခံပြင်းလာတဲ့အချိန်မှာ ရေးစပ်ခဲ့တာ။ ဒီသီချင်းလေးက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေနဲ့ ပြည်ပမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အကုန်လုံး၊ ရဲဘော်တွေနဲ့ ထောက်ပို့တပ်သားတွေ အကုန်လုံး၊ ကျနော်တို့ စိတ်ခံစားချက်လေးကို ပေါ်လွင်စေအောင် ရေးစပ်ခဲ့တာဖြစ်တဲ့အတွက် ဒီသီချင်းလေးကနေ ကျနော်တို့ CDF ကန်ပက်လက်ကို ဆက်ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်” လို့ CDF ကန်ပက်လက် ရဲဘော်ဆလိုင်းကီးဘွေက ပြောပါတယ်။

 “ရင်ဆိုင်နေမယ့် အားမလျော့စိတ်တွေနဲ့ ရှင်သန်နေမယ် တို့တွေ အနာဂါတ်အတွက် ၊အိမ်အို မြို့လေးကို လွမ်းနေလို့၊ သတိရလို့နေဆဲ ၊ ဒီမှာ သူငယ်ချင်းများနဲ့အတူ၊ ပြန်လွမ်းရင်၊ ညီအစ်ကို မောင်ရင်းနှမလည်း အတူပဲ၊ သတိရလို့ နေမြဲ၊ ဒီအိမ်အိုလေးရဲ့ အရိပ်မှာ ပြန်တွေ့ချင်၊” (ဆလိုင်းကီဘွေး – အိမ်လေး အလွမ်းပြေ)

 မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်းမှာ ခုခံတွန်လှန်နေကြသလို ချင်းတောင်တန်းတွေ အပေါ်မှာလည်း ရိုးရာတူမီးသေနတ်တွေနဲ့ တိုက်ပွဲဝင်နေကြပါတယ်။

 ချင်းတောင်ပေါ်က လူငယ်ထောင်ပေါင်းများစွာဟာ ဆယ်စုနှစ်ချီနေတဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့် အပြည့်အဝရှိမယ့် ဖက်ဒရယ်ဒီမိုကရေစီအတွက် CDF တပ်ဖွဲ့တွေ ထူထောင်ကြသလို တပ်ဖွဲ့တွေထဲ အုံနဲ့ကျင်နဲ့ ဝင်ခဲ့ကြပါတယ်။

 ချင်းလူငယ်တွေရဲ့ လက်နက်စွဲကိုင်တော်လှန်မှု ၃ နှစ်နီးပါး ရှိလာချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ တူမီးတော်လှန်ရေးကနေ မောင်းပြန်တော်လှန်ရေးကို ပြောင်းလဲနိုင်ဖို့ လိုအပ်လာပါတယ်။

 ဒီ့အတွက် လက်နက်ကိုင်စွဲထားတဲ့ ချင်းရဲဘော်တွေဟာ သူတို့ရဲ့ အိမ်လွမ်းစိတ်တွေနဲ့ စွန့်လွှတ်ထားရမှုတွေ၊ တော်လှန်ရေးအခက်အခဲနဲ့ လိုအပ်နေတဲ့ အကူအညီတွေကို ရေးဖွဲသီးဆိုလာကြပါတယ်။ CNF/CAN အပါအဝင် CDF ကန်ပက်လက်၊ CNO/CNDF၊ CDF – KKG၊ CDF- Asho နှင့် PDF Zoland မှ ရဲဘော်တွေက တော်လှန်သီချင်းတွေ ရေးဖွဲ့သီဆိုလာကြတာ တွေ့မြင်ရပါတယ်။

 CDF ကန်ပက်လက်၊ တူမီး တပ်ရင်းက အသက် ၂၂ နှစ်အရွယ် ဆလိုင်းကီးမာန်ဟာလည်း အိမ်ပြန် မလာနိုင်တော့တဲ့ ရဲဘော်တွေ၊ အိမ်ပြန်ချင်ပေမယ့် အိမ်မရှိတော့တဲ့ ရဲဘော်တွေနဲ့ မနက်ဖြန်ဆိုတာ မသေချာတဲ့ ရဲဘော်တွေအကြောင်း “အိမ်ပြန်နိုင်မယ့် နေ့” သီချင်းကို ရေးစပ်သီဆိုထားပါတယ်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အုပ်စုက အာဏာမသိမ်းခဲ့ဘူးဆိုရင် ဝါသနာပါတဲ့ မြူးဇစ်ကို လေ့လာသင်ယူရင် ဂီတကို ဖန်းတီးချင်တဲ့ ချင်းလူငယ်ရဲဘော်တစ်ဦးဖြစ်ပါတယ်။ အရင်က ဓမ္မသီချင်းတွေ ရေးဖွဲ့ သီဆိုခဲ့ပေမယ့် ခုတော့ တော်လှန်ရေးသီချင်းတွေ ရေးဖွဲ့ သီဆိုနေပါပြီ။

 “လက်ရှိ ဖြစ်နေတဲ့အရာကိုပဲ ဦးစားပေးပြီး ဒီတော်လှန်ရေးကို လွတ်လွတ်လပ်လပ် ရောက်ဖို့ ကိုယ့်ဝါသနာကို ထားခဲ့ပြီတော့ ကျရာကဏ္ဍကနေ ပါဝင်နေပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းပြီးတဲ့အခါ ရှင်းရှင်းလေးပါ။ ကိုယ့်မိသားစု၊ ကိုယ်ဒေသမှာ လွတ်လွတ်လပ်လပ်နဲ့ပြန်နေမယ်။ ကိုယ့် ဝါသနာကို လွတ်လွတ်လပ်လပ် လုပ်မယ်”လို့ CDF ကန်ပက်လက်၊ တူမီး တပ်ရင်း ဆလိုင်းကီးမာန်က ပြောပါတယ်။

 ဆလိုင်းကီးမာန်ဟာ တော်လှန်ရေးသီချင်းတွေ ရေးဖွဲ့နေသလို တိုက်ပွဲပေါင်း ၂၅ ပွဲဝန်းကျင် ဆင်နွှဲဖူးပါတယ်။ ရှေ့တန်း ပုံမှန်ထွက်ရတာ၊ စစ်ကြောင်းတွေကို ခုခံတိုက်ရတာ၊ မြို့ပေါ် အထိုင်စခန်းတွေကိုလည်း ပျောက်ကျားစနစ်နဲ့ တိုက်နေရတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ တချို့တိုက်ပွဲတွေမှာ တူမီးနဲ့ ပစ်ခတ်နိုင်တဲ့ မီတာ ၃၀/ ၄၀ အထိ ကပ်ပြီး တိုက်ပွဲဝင်ကြရပါတယ်။

 လက်နက်ကိုင်တိုက်ပွဲဝင်မှုနဲ့ ဂီတဖန်တီးမှုမှာ ရဲဘော်တစ်ဦးအနေနဲ့ ကွာခြားချက်တွေရှိတယ်လို့ ဆလိုင်းကီးမာန်က ပြောပါတယ်။ ဂီတဖန်တီးမှုက ကိုယ့်နှလုံးသားခံစားချက်နဲ့ ရဲဘော်တွေရဲ့ ခံစားချက် ဖြစ်တည်မှုအပေါ်မှာ ဖန်တီးဖွဲ့ဆိုပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရမှုမှာက အသက်ကို တော်လှန်ရေးအတွက် ပေးအပ်ထားပြီးသာဖြစ်ပါတယ်။

 အာဏာသိမ်းမှုကို ခုခံတွန်းလှန်းရင် ချင်းပြည်ထူထောင်နိုင်ရေးအတွက် တော်လှန်ရေး ၂ နှစ်ခွဲကျော်မှာ ချင်းတော်လှန်ရေးရဲဘော် နဲ့ ရဲမေ ၃၁၀ ကျော် ကျဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

 “ကျွန်ုပ်တိုရဲ့ အမိဇိုဂမ်ကြီး သွေးစွန်းခဲ့ပြီ ၊ အဖဘုရားထံ မျက်ရည်များနဲ့ ငိုကြွေး တောင်းလျှောက်သံတွေ ၊ တစ်နေ့ကျရင် အောင်မြင်ခြင်း ပျော်ရွင်ခြင်း မျက်ရည်အဖြစ် ပြောင်းလဲလာမယ်၊ အောင်မြင်ခြင်းအလံကို လွှင့်ထူနိုင်သည့်တိုင်အောင် ရဲဘော်ရဲဘက်များအားလုံးကို သတိရပေးပါ” (“Sisan-သွေး”သီချင်း- ရဲမေ Kim Kim)

 ဇိုမီဘာသာနဲ့ “Sisan” မြန်မာဘာသာနဲ့ သွေး လို့ အမည်ရတဲ့ PDF Zoland က ရဲဘော်တွေရဲ့ သီချင်းမှာ ရဲမေ Kim Kim လည်း ပါဝင်သီဆိုခဲ့ပါတယ်။ ဒီသီချင်းကို နားထောင်မိတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေအနေနဲ့ ချင်းတော်လှန်ရေးကို ပိုနားလည်ခံစားမိဖို့နဲ့ ပိုကြိုးစားစိတ်တွေ ရှိလာစေဖို့ သီဆိုသူက မျှော်လင့်ပါတယ်။

 “ဘဝမှာ ရည်မှန်းချက်တော့ ရှိတာပေါ့။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပေမယ့် ပညာတွေ တက်၊ ဘွဲ့တွေယူပြီး ကိုယ်ဖြစ်ချင်တဲ့ ဂီတသမားရယ်၊ ကိုယ်ချစ်တဲ့ မိသားစုကို ကိုယ်ပိုင် ဝင်ငွေနဲ့ ကျွေးမွေးချင်တဲ့ ရည်မှန်းချက်တော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ်တိုင်းပြည် အမှောင်ထဲကျနေတာကို လက်ပိုက်မကြည့်နိုင်လို့ ကိုယ့် ရည်မှန်းချက်တွေကို စွန့်လွတ်ရတာပေါ့နော်။ လက်ရှိမှာတော့ ကိုယ်မြတ်နိုးတဲ့ ဂီတကို မလုပ်ရတော့ စိတ်ပျက်ပြီး ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ တော်လှန်ရေးတာ အောင်ရင်တော့ ကိုယ်ရည်မှန်းတဲ့ ဂီတပညာကိုတော့ ဆက်လုပ်လို့ ရမှာပါလို့ အားပေးဖြစ်တယ်”လို့ PDF Zoland မှ ရဲမေတစ်ဦးဖြစ်သူ မော်နီကာ ခေါ် Kim Kim က ပြောပါတယ်။

 အသက် ၁၅ နှစ်အရွယ် ရဲမေ Kim Kim ဟာ စစ်ကောင်စီတပ်က ပြည်သူတွေကို နှိပ်စက်တာကို စိတ်နာပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ချင်စိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်လာခဲ့သူပါ။ 

 ရဲမေ Kim Kim လိုပဲ ချင်း Generation Z လူငယ်ထောင်ပေါင်းများစွာဟာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်စွဲ ကိုင်တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ဖို့ ချင်းပြည်နယ်က တောတောင်တွေထဲ ဘဝ၊ ဝါသနာနဲ့ စာသင်ခန်းတွေကို စွန့်ခွာခဲ့ကြပါတယ်။ Kim Kim လို အမျိုးသမီးရဲမေ ရာပေါင်များစွာရှိနေပါတယ်။

  Sisan သီချင်းရဲ့ ပဲ့ကိုင်ရှင် ရေးဖွဲ့ဖန်တီးသူက PDF Zoland က ရဲဘော် Gawliat ဖြစ်ပါတယ်။ ဂီတကို ဝါသနထုံလို့ ဂီတပညာတွေ ဆည်းပူးရင် သူ့ဇာတိမှာ ကိုယ်ပိုင်စတူရီယို ထောင်ဖို့ စီစဉ်နေတဲ့ အသက် ၂၃ နှစ်အရွယ်၊ တီးတိန်မြို့သား ရဲဘော် Gawliat ဟာ ခုတော့ ဂစ်တာအစား သေနတ်ကို ကိုင်နေရပါတယ်။

 စစ်ကောင်စီရဲ့ ရာနဲ့ချီတဲ့ ချင်းပြည်သူတွေကို သတ်ဖြတ်မှု၊ ထောင်နဲ့ချီတဲ့ ချင်းပြည်သူတွေကို ဖမ်းဆီးမှုနဲ့ မြို့တွေနဲ့ အိုအိမ်းတွေကို မီးရှို့ဖျက်စီးတဲ့အတွက် အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ချင်းပြည်သူတွေ ကြည့်ရင်း ရဲဘော် Gawliat လက်နက်ကိုင်တော်လှန်သူ ဖြစ်လာပါတယ်။

 အဲဒီစိတ်တွေနဲ့ပဲ နောက်ထပ်တော်လှန်ရေးသီးချင်းတွေကို ရဲဘော် Gawliat ထပ်မံ ရေးဖွဲ့ဖန်တီးနေတာတွေ ရှိပါတယ်။

 “သွေးသီချင်းက ကျနော် သူငယ်ချင်းတွေ ဒီတော်လှန်ရေးမှာ ကျသွားတယ်။ အဲဒါကြောင့် ကျနော်တို့ ရင်နာမှုတွေ အကုန်လုံး ကျသွားတဲ့ ရဲဘော်တွေရဲ့ မိဘတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ရေးဖွဲ့ထားတာပါ။ သူတို့ကို ကျနော်တို့ သတိရတယ်။ ကျသွားတဲ့ ရဲဘော်တွေ အကုန်လုံးကိုလည်း လေးစားတယ်။ တချို့က ဒီနိုင်ငံမှာ နေပြီတော့ ဒီတော်လှန်ရေးက ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ယူဆသူတွေ တပုံကြီးရှိတယ်။ သူတို့က အာဏာရှင်စနစ်ကို ထောက်ခံတာလား ဆိုတော့ မဟုတ်ဘူး။ တော်လှန်ရေးကို ထောက်ခံတာလည်း မဟုတ်ဘူး။ အိတ်ကပ်ထဲ ပိုက်ဆံရဖို့အတွက်ပဲ စဉ်းစားထားတယ်” လို့ PDF Zoland ရဲဘော် Gawliat က ပြောပါတယ်။

 ရဲဘော် Gawliat နဲ့ ချင်းရဲဘော်တွေရဲ့ ဂီတဖန်တီးမှုဟာ ဒီခုခံတော်လှန်ရေးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ဘာတွေ လုပ်နေတယ်ဆိုတာ ပြည်သူလူထုကို ပိုမိုသိရှိနားလည်ဖို့ ဂီတနဲ့ ကြိုးစားနေတာဖြစ်ပါတယ်။ 

 တူမီးကိုင်ပြီး ခုခံတိုက်ပွဲဝင်နေရတဲ့ CDF ရဲဘော်တွေဟာ မကြာမီ လာတော့မယ့် မြို့သိမ်းတိုက်ပွဲ တွေအတွက် မောင်းပြန်ရိုင်ဖယ်တွေ အများအပြားလိုအပ်နေပါတယ်။ ဒီ့အတွက် တော်လှန်ရေး ရန်ပုံငွေတွေ အရေးပေါ်လိုအပ်နေပြီး သူတို့ရဲ့ အခက်အခဲတွေကို ကူညီပေးကြဖို့ ဂီတနဲ့ ရေးဖွဲ့ ဖော်ပြနေတာလို့ တော်လှန်ဂီတဖန်တီးနေတဲ့ ချင်းရဲဘော်တွေက ပြောပါတယ်။ 

 သူတို့ လက်နက်စွဲကိုင်တိုက်ပွဲဝင်နေမှုရဲ့  အခြားတစ်ဖက်မှာ တော်လှန်ရန်ပုံငွေအတွက် လူထုပိုမိုထည့်ဝင်ဖို့ ဂီတကို ဖန်းတီးနေကြရပါတယ်။  

 “အနုပညာဂီတက လူတွေကို ပိုစွဲဆောင်နိုင်တယ်၊၊ အဲလိုဖြစ်တဲ့အခါမှာ တော်လှန်ရေးရဲ့ အနှစ်သာရကို ပိုပေါ်လွင်စေတယ်။ ဒီရန်ပုံပုံငွေ ရှာဖွေမှုကို ဘယ်လောက်အကျိုးသက်ရောက်မှု ရှိသလဲဆို ပြောရရင်တော့ တော်တော်လေးလည်း ထိရောက်တယ်။ ကျနော်တို့ ကမ်းပိန်းက လူသိလည်း များလာတယ်။ ဒီဟာတွေလုပ်ခြင်းအားဖြင့် အလှူငွေ ဘယ်လောက် ရသလဲပြောရင်တော့ တိတိကျကျ ပြောလို့ မရပေးမယ့် ကျနော်တို့ ရန်ပုံငွေ ရှာဖွေမှုကို ပိုထိရောက်စေပါတယ်”လို့ CDF ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောပါတယ်။

 ချင်းတောင်ပေါ်က အာဏာရှင်တော်လှန်ရေးမှာ စာပေဂီတသမားတွေသာမက နယ်ပယ်ပေါင်းစုံက လူငယ်တွေအပါအဝင် ဌာနပေါင်းစုံက CDM တွေလည်း ရှိနေပါတယ်။  

“ကျနော်တို့ ဘက်မှာ အဓိက လိုတာက လက်နက်ကြီးပိုင်း၊ လက်နက်ပိုင်းက အရမ်းအားနည်းနေတဲ့ ဒေသ၊၊ ခါးချိုး၊ တူမီး၊ မောင်းပြန်က နည်းနည်းပဲ ကိုင်နိုင်တယ်။ တချို့ ရဲဘော်တွေဆိုရင် သေနတ်ကိုင်စရာ မရှိပဲ လိုက်တဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ ဒါတွေကို ကြည့်ရင် အားတက်တယ်။ လက်နက်ပိုင်းနဲ့ ပြန်ကြည့်ရင် အရမ်းအားနည်းဖို့ ကောင်းတယ်”လို့ CDF ကန်ပက်လက်၊ တူမီး တပ်ရင်းမှ ဆလိုင်းကီးမာန်က ပြောပါတယ်။ 

 ဆလိုင်းကီးမာန်နဲ့ ချင်းရဲဘော်၊ ရဲမေတွေဟာ ဇာတိအိမ်အိုးလေးနဲ့ အမေချက်တဲ့ ထမင်းကို အမြန်စားချင်နေကြပြီး စစ်အာဏာရှင်တော်လှန်ရေး အမြန်ပြီးဆုံးချင်နေကြပါပြီ။ 

 “ရောင်နီလာမယ့် တစ်နေ့ ပြန်ဆုံဖို့ တောင်းဆုချွေဆဲ၊  အမေ့ရဲ့ အိမ်အိုလေးလည်း လွမ်းလှပြီ၊ ပျော်ရွှင်မှုများလည်း ဝေးခဲ့ပြီ၊ ခက်ခဲကြမ်းတမ်းလွန်တဲ့ ဒီတော်လှန်ရေးမှာ ၊ အားတင်းထားရင်းနဲ့ ခရီးဆက်ရင်း ၊ ရောင်နီသာမယ့် တစ်နေ့ ယုံကြည်မျှော်လင့်ထားဆဲပါ” “ဆလိုင်းကီးမာန် – အိမ်ပြန်နိုင်မယ့် နေ့”

စာကြွင်း – တော်လှန်ဂီတအဖြစ် ချင်းရဲဘော် ရဲမေတွေရဲ့ သီချင်းတွေကို အောက်ပါလင့်မှာ နားဆင်နိုင်ပါတယ်။ 

https://fb.watch/o3sGAe2IfC/
https://fb.watch/o3sI4VAiZv/
https://fb.watch/o3sITHEOBs/
https://fb.watch/o3sJDpTK-L/
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.