“မတက်ရောက်နိုင်သေးတဲ့ ၃ ဖွဲ့နဲ့လည်း ညီလာခံပြီးရင် တွေ့ဆုံဖို့ရှိတယ်။ သူတို့ ပါဝင်လာနိုင်ရေးကို တံခါးဖွင့်ထားပါတယ်”
(006SV)
ပထဆုံးအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၊ Victoria Base တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ချင်းလူမျိုးများ ကိုယ်တိုင်ရေးဆွဲ ပြဌာန်းသည့် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ကြသည်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်း တူရေး၊ အာမခံချက် ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရန် နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရန် စသည့် ရည်မှန်းချက် ၃ ခုနှင့်လည်း ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြပါသည်။
ချင်းပြည်ကောင်စီက လွှတ်တော်၊ အစိုးရနှင့် တရားလွှတော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်။
ချင်းပြည်ကောင်စီညီလာခံမှာ အစုအဖွဲ့ (၃) ခု ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များမှ ၁၄ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF-ကန်ပက်လက်တို့က တက်ရောက်ခြင်းမရှိခဲ့ပေ။
ဤသို့ ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် တော်လှန်ရေးအရှိန်အဟုန်မြှင့်နေသည့်ကာလ ချင်းပြည်ညီလာခံမှ တဆင့် ချင်းပြည်ကောင်စီနှင့် ချင်းပြည် အုပ်ချုပ်ရေး ယန္တရားများကို ဖွဲ့စည်းနိုင်မှုက ချင်းတော်လှန်ရေးကို ဘယ်လိုအရွေ့တွေ ဖြစ်ပေါ်လာနိုင်မလဲ ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားသည်။
မေး – ပထမအကြိမ် ချင်းပြည်ညီလာခံကို ဘယ်လို ကျင်းပခဲ့ပါသလဲ။ အဲဒီညီလာခံကနေ ဘယ်လို ဆုံဖြတ်ချက်တွေ ချမှတ်အတည်ပြုနိုင်ခဲ့ပါသလဲခင်ဗျ။
ဆလိုင်းထက်နီ – ချင်းလဲန်းကောင်စီ ညီလာခံကို CNF အစုအဖွဲ့ရယ်၊ ၂၀၂၀ မှာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေး အစုအဖွဲ့တွေရယ် ဆိုပြီးတေ့ာ အစုအဖွဲ့ (၃)ခုနဲ့ ချင်းပြည်ကောင်စီညီလာခံကို ပထမအကြိမ် အောင်မြင်စွာ ကျင်းပပြီး ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတဲ့ နေရာမှာ ပထမဆုံး ကျနော်တို့ ချင်းလူမျိုးတွေ ကိုယ်တိုင် ရေးဆွဲထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ အတည် ပြု ပြဌာန်းနိုင်ခဲ့တယ်။ ပြီးတော့ ကောင်စီ ဦးဆောင်အဖွဲ့ကိုလည်း ကျနော်တို့ ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည်လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ် အာဏာသုံးရပ်ကို ဖွဲ့စည်းမှာဖြစ်တယ်။ အဲလို လုပ်တဲ့ နေရာမှာ ဒီအစိုးရကို ချင်းပြည်အစိုးရ၊ ပြီးတော့ ဒေသန္တရာ အစိုးရ ဆိုပြီး ထားရှိပြီးတော့မှ ချင်းပြည်တော်လှန်ရေး ကာလ အစိုးရကို ဆက်လက်ပြီးတော့ တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပါတယ်။
မေး – ချင်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဘယ်လို ထူးခြားချက်တွေ ပါဝင်ပါသလဲ။
ဆလိုင်းထက်နီ – ထူးခြားချက်ဆိုလို့ ကျနော်တို့က ချင်းလူမျိုးတွေ ချင်းတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ မှာတော့ ကျနော်တို့ လိုချင်နေတဲ့ ပြီးတော့ လက်ရှိ ဖြစ်တည််နေတဲ့ အမျိုးသားအဆင့် အစိုးရ၊ ပြီးတော့ ဒေသန္တရအဆင့် အစိုးရဆို ပြီးတော့ ဒီမိုကရေစီကျင့်စဉ် လုပ်ထုံး လုပ်နည်းနဲ့ အညီ ကျနော်တို့က ပြည်သူလူထုကိုယ်တိုင် အုပ်ချုပ်တဲ့ ဖော်ဆောင်တဲ့ အစိုးရမျိုး ကို အခု ဖော်ဆောင်သွားဖို့ ဆိုတာက ဒီဖွဲ့စည်းပုံရဲ့ ထူးခြားချက်ပေါ့နော်။
မေး – အဲဒီဖွဲ့စည်းပုံကနေ ချင်းပြည်နယ်ကို ဘယ်လိုပုံစံမျိုးတည်ထောင်ဖို့ ရည်မှန်းထားပါသလဲ။ ချင်းပြည်သူတွေက ချင်းပြည်ကို ဘယ်လိုပုံစံနဲ့ လည်ပတ်မယ့် အုပ်ချုပ်ရေးယန္တရားတွေကို မြင်တွေ့ရမှာပါလဲ။
ဆလိုင်းထက်နီ – အဓိကက ဖွဲ့စည်းပုံဆိုတာက ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ အုပ်ချုပ်မှုမျိုးကို ဖော်ဆောင်သွား မှာဖြစ်တယ်။ တခြား ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံတွေ၊ အုပ်ချုပ်မှု ပုံစံတွေကို ကျနော်တို့ ချင်းလူမျိုး တွေနဲ့ ကိုက်ညီတဲ့ အနေအထားအောက်ကနေ ကျနော်တို့က ဆက်လက်ပြီး သွားဖို့ ရှိပါတယ်။ ကျနော်တို့ ဒီအစိုးရဖွဲ့တဲ့ နေရာမှာ ချင်းပြည်ဝန်ကြီးချုပ်ရှိမယ်၊ အဲဒီနေရာမှာ ဝန်ကြီးဌာနတွေ ထားမယ်။ လွှတ်တော်မှာ ဥပဒေပြုရေးကိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့က သီးသန့် စုဖွဲ့၊ ဖွဲ့စည်းသွားမှာ ဖြစ် တယ်။ တရားစီရင်ရေးကိုတော့ သူဟာ သူ သီးသန့် လွတ်လပ်တဲ့ တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာဖြစ်တယ်။
မေး – ချင်းပြည်ကောင်စီကို ချင်းပြည်ကောင်စီညီလာခံကနေ အတည်ပြုဖွဲ့စည်းနိုင်ခဲ့ပြီးလို့ သိရပါတယ်။ ချင်းပြည်ကောင်စီကို ဘယ်လိုမျိုး ဖွဲ့စည်းထားပါသလဲ။
ဆလိုင်းထက်နီ – ချင်းပြည်ကောင်စီကို အကြီးအကဲ (၆) ဦး ။ ဥက္ကဌရယ်၊ ဒုတိယ ဥက္ကဌ ၁ နဲ့ ၂ ရယ်၊ အစုအဖွဲ့ (၃)ခုစီကနေ တစ်ဦး စီ စေလွှတ်ပြီးတော့ အဲဒါကို အတည်ပြုတယ်။ ထိုနည်းလည်းကောင်းပဲ အတွင်းရေးမှူးကိုလည်း အစုအဖွဲ့ တစ်ခုစီကနေ အတွင်း ရေးမှူး တစ်ဦးရယ်၊ တွဲဖက် အတွင်းရေးမှူး ၁ ရယ်၊ ၂ ရယ်ဆိုပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ လုပ်တယ်။ ချင်းပြည် ကောင်စီ ကို ဦးဆောင်ကော်မတီက ၂၃ ဦးနဲ့ ဖွဲ့စည်းတယ်။ ၂၃ ဦး ဆိုတဲ့ နေရာမှာလည်း အစုအဖွဲ့ (၃)ခု ကနေ စေလွှတ်လာတဲ့ ပုဂ္ဂိုလ်တွေ ကို (၂၃) ဦးထားပြီးတော့ ဦးဆောင်အဖွဲ့မှာလည်း ဥက္ကဌ (၃) ဦး၊ အတွင်းရေးမှူး (၃) ဦးဆိုပြီးတော့ ဖွဲ့တယ်။ ကောင်စီဝင် ကိုလည်း CNF ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေးတွေထဲက အစုအဖွဲ့ ၃ ခုထဲက ကျနော်တို့ ပြန်တင် မြှောက်ပြီးတော့ အဲဒါကို အတည်ပြုတယ်။ ကောင်စီဝင်ကတော့ ၁၃၀ ကနေ ၁၄၀ ကြားရှိတယ်။ အဲဒီကောင်စီကနေမှ ဒီအာဏာ (၃) ရပ်ကို ကျနော်တို့ ဖွဲ့စည်းတယ်။ လွှတ်တော်ရယ်၊ အစိုးရယ်၊ ပြီးတော့ တရားစီရင်ရေးရယ် ဆိုတဲ့ အာဏာသုံးရပ်ကို ကျနော်တို့ ဖော်ဆောင်မှာဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ရယ်၊ အစိုးရယ်၊ တရားစီရင်ရေးရယ်တို့က ချင်းပြည်ကောင်စီကို တာဝန်ခံကြတယ်။ အဲဒီပုံစံနဲ့ အဲဒီကောင်စီကို ဖွဲ့စည်းတာဖြစ်တယ်။
မေး – စောစော ဆရာဖြေတဲ့ အထဲမှာ ချင်းလဲန်းကောင်စီကို အကြီးအကဲ (၆) ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ အဲဒီအကြီးအကဲ (၆) ဦးက ဘယ်သူတွေပါလဲခင်ဗျ။
ဆလိုင်းထက်နီ – အကြီးအကဲ (၆) ဦးမှာ ဥက္ကဌ နေရာကို Pu Zing Cung ။ Pu Zing Cung က လက်ရှိ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဥက္ကဌဖြစ်တယ်။ ဒုတိယဥက္ကဌ (၁) ကတော့ ဆလိုင်းမင်းညို၊ သူကတော့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဖြစ်တယ်။ ဒုတိယဥက္ကဌ (၂) က မြို့နယ်တွေက စေလွှတ်တဲ့ ဆလိုင်း Pu Bawi Kung ဖြစ်တယ်။ အတွင်းရေးမှူးက မြို့နယ်တွေက စေလွှတ် လာတဲ့ ဆလိုင်းပေါလ်ဖြစ်တယ်။ တွဲဖက်အတွင်းရေးမှူး (၁) ကတော့ ကျနော် ဆလိုင်းထက်နီဖြစ်ပါတယ်။ CNF အစုအဖွဲ့က ဖြစ်တယ်။ တွဲဖက် (၂) ကတော့ Pu Tial Ling ဖြစ်တယ်။ သူကတော့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကနေ စေလွှတ်ထား တာဖြစ်ပါတယ်။
မေး – ချင်းပြည် ကောင်စီကနေ ချင်းပြည် လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ တရားလွှတ်တော်ချုပ်တို့ကို ရပ်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ အဲဒါတွေကို ဘယ်လို ဖွဲ့စည်းသွားမလဲ ဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။
ဆလိုင်းထက်နီ – ဖွဲ့စည်းပုံအရ ချင်းပြည်ကောင်စီကနေ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင် ရေးရယ်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်။ အဲလိုဖွဲ့စည်းနိုင်ဖို့ကောင်စီကနေ တာဝန်ပေးထားတဲ့ လူတွေ၊ ရွေးချယ်တင်မြောက်ရေး ကော်မတီကို ၃၁ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်းတယ်။ ၃၁ ဦးနဲ့ ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ ၃ ခုက ပုဂ္ဂိုလ်တွေက စေလွှတ်ပြီးတော့ သူတို့ကနေ အဲဒါကို ပြန်ရွေးချယ်မယ်။ ရွေးချယ်ပြီးတော့ အဲဒါကို ကောင်စီကနေ အတည်ပြုချက်ကို အတည်ပြုမှာ ဖြစ်တယ်။ အဲလိုပုံစံနဲ့ ကျနော်တို့က ဆက်လက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဲလို အကောင်အထည်ဖော်မှာဖြစ်တယ်။ လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရားစီရင်ရေးကြတော့ လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာဖြစ်တယ်။
မေး – ဒီလိုတော်လှန်ရေးအရှိန်အဟုန် မြင့်နေတဲ့ ကာလမှာ ဒီလို ပထမအကြိမ် ချင်းပြည် ကောင်စီညီလာခံကို ကျင်းပနိုင်ပြီးတော့ ချင်းပြည်ကောင်စီ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေကို ဖွဲ့စည်းနိုင်မှုဟာ လက်ရှိ သွားနေတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးကို ဘယ်လို အလှည့်အပြောင်းတွေ၊ အရွေ့တွေ ဖြစ်ပေါ်စေမလဲခင်ဗျာ။
ဆလိုင်းထက်နီ – နွေဦးတော်လှန်ရေးက ၃ နှစ်ထဲ အဝင်ဖြစ်နေပြီ ကျနော်တို့ အနေအထားက ပထမကတော့ စစ်ဆင်ရေးကို အဓိက ထားတယ်။ ကျနော်တို့ ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ တည်ဆောက်ပြီးတော့ အပြန်အလှန်အကျိုးပြုပြီးတော့ ကျနော်တို့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနိုင်အောင် စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးဆိုတဲ့ နေရာမှာ လက်ရှိမှာတော့ ဒီအုပ်ချုပ်ရေးတွေ အားကောင်းလာရင် ပြည်သူ့ အားက ကောင်းလာမယ်။ ကျနော်တို့က ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ ပြည်သူတွေရဲ့ ပံ့ပိုးမှုကို ပိုရရှိအောင်၊ ပြီးတော့ ပြည်တွင်းမှာ ပြည်သူတွေရဲ့ အခက်အခဲကို ကျနော်တို့ ကိုယ်တိုင်ဖော်ဆောင်မယ့် အုပ်ချုပ်ရေးကနေ လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
မေး – လက်ရှိ ချင်းအင်အားစု ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း အခု ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ချင်းပြည်အုပ်ချုပ်ရေး ယန္တရားတွေနဲ့ လည်ပတ်တော့မှာလား။ အဲဒီအပေါ်မှာ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။
ဆလိုင်းထက်နီ – ကျနော်တို့မှာ အခု အနေအထားကတော့ ချင်းပြည်ရဲ့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းကတော့ ပြည်သူ့လက်ထဲကို ရောက်နေပြီးလို့ ပြောလို့ရတယ်။ စစ်ကောင်စီရဲ့ လုပ်ငန်း ယန္တရားလည်ပတ်မှုက မြို့ပေါ်မှာလောက်ပဲရှိတယ်။ အဲဒါကို ကျနော်တို့က လက်တွေ့ကျကျနဲ့ ဖော်ဆောင်နေတဲ့ နေရာမှာ နဂိုကတည်းကိုက ဒေသတွင်းမှာ မြို့နယ်နဲ့ ဒေသ အုပ်ချုပ်ရေး ၊ ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပြီသားဖြစ်တယ်။ အဲဒါကို စုစုစည်းစည်းနဲ့ ပိုကျစ်လစ်ခိုင်မာအောင် လုပ်သွားဖို့ပါပဲ။ အဲလိုဖော်ဆောင်ပြီးသား မြို့နယ်၊ ဒေသအုပ်ချုပ်ရေးကို တစုတစည်းထဲနဲ့ အမျိုးသားအဆင့် ချင်းလဲန်းအဆင့် အုပ်ချုပ်ရေးမျိုးကို တည်ဆောက်နေတာဖြစ်တယ်။ စစ်ရေးမှာကြတော့မှာ အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးဆိုတာ ရှိမယ်။ အဲဒီကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာ ချင်းအမျိုးသားတပ်မတော်ရယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ အားလုံး စုစည်းပြီးတော့ စစ်ရေးကို ဖော်ဆောင်သွားမှာဖြစ်တယ်။ ချင်းပြည်အစိုးရ အောက်မှာ သွားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးစသဖြင့် ပြီးတော့ တခြားဝန်ကြီးဌာနတွေကိုလည်း လိုရင် လိုအပ်သလို တိုးချဲ့ပြီးတော့ ဖွဲ့စည်းသွားဖို့ ၊ လက်ရှိ ရည်မှန်းထားတာကတော့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဌာန ၁၅ ခုနဲ့ အဲဒီအုပ်ချုပ်ရေး ယန္တရာကို လည်ပတ်ဖို့ ပြင်ဆင်ပြီး တွန်းနေတာဖြစ်တယ်။
မေး – အခုကျင်းပပြီးစီးသွားတဲ့ ပထမအကြိမ်ချင်းပြည်ညီလာခံကို ဘယ်နှစ်ဖွဲ့ တက်ရောက်ခဲ့ပါသလဲ။
ဆလိုင်းထက်နီ – ချင်းပြည်ကောင်စီညီလာခံကို အစုအဖွဲ့ ၃ ခုနဲ့ ကျနော်တို့ ကျင်းပတာ ဖြစ်တယ်။ CNF ရယ်၊ ပြီးတော့ ၂၀၂၀ မှာ ရွေးကောက်ခံရပြီး နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အစုအဖွဲရယ်၊ ဒေသတွင်းမှာ ရှိပြီးသား ဖြစ်နေတဲ့ မြို့နယ်ဒေသ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ၁၇ ဖွဲ့နဲ့ အဲဒီညီလာခံကို ကျင်းပတာဖြစ်တယ်။ ဒါပေမယ့် မြို့နယ်တွေက အဲဒီ ၁၇ ဖွဲ့ထဲမှာ ၁၄ ဖွဲ့ကတော့ အဲဒီညီလာခံကို တက်ရောက်တယ်။ ၃ ဖွဲ့ကတော့ မတက်ရောက်လာနိုင်ဘူး။ အဲဒီ ၃ ဖွဲ့ဘက်က လွှတ်တော်ကိုယ်စား လှယ်တွေ လည်း မတက်ရောက်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ညီလာခံကိုတော့ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းတက်ရောက်နိုင်ခဲ့တာဖြစ်တယ်။
မေး – အခု ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီညီလာခံကို မတက်ရောက်ခဲ့တဲ့ အဖွဲ့တွေလည်း ရှိတယ်ဆိုတော့ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ကရော ဘယ်လို မူဝါဒ ရှိပါသလဲ။
ဆလိုင်းထက်နီ – မတက်နိုင်တဲ့ အဖွဲ့အစည်းတွေက ၃ ဖွဲ့ဖြစ်တယ်။ အဲဒီ ၃ဖွဲ့က အဲဒီနေရာက လွှတ်တော်ကိုယ်စားလှယ်တွေလည်း မပါဝင်ခဲ့ဘူး။ သူတို့ ပါဝင်လာနိုင်အောင် ကျနော်တို့က တံခါးဖွင့်ထားပါတယ်။ သူတို့ပါဝင်လာနိုင်အောင် ညှိနှိုင်းရေးကော်မတီကနေ အစကတည်းက ညှိနှိုင်းကြပါတယ်။ အဲဒီမှာ သူတို့နဲ့ အပြောအရ ညီလာခံပြီးရင် တွေ့ဆုံဖို့ဆိုတဲ့ ဟာတွေလည်းရှိတယ်။ အဲဒါ ကြောင့် သူတို့ ပါဝင်လာနိုင်ရေးကို ကျနော်တို့က တံခါးဖွင့်ထားပါတယ်။
မေး – ချင်းလဲန်ကောင်စီဖွဲ့စည်းပုံဥပဒေမှာမှာ ICNCC နဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူတယ်လို့ ပြဌာန်းထားပါတယ်။ ICNCC ဘက်ကလည်း မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်လားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲ။
ဆလိုင်းထက်နီ – ICNCC ကျတော့လည်း အခု အဲဒီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေက အခု မတက် ရောက်လာနိုင်သေးတဲ့ ၃ ဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ လွှဲပြောင်းသည်၊ မလွှဲပြောင်းသည် ဆိုတာထက် ကျနော်တို့ ဘာတွေ ကို လုပ်ရမယ်၊ ဘယ်လို ဖြစ်သင့်တယ်။ မြေပြင်မှာ ဘယ်လိုအနေအထားရှိတယ်ဆိုတာကို သိဖို့ လိုပါတယ်။ တကယ့်ကြတော့ ICNCC ဆိုတာ အစကတည်းက အစုအဖွဲ့ ငါးခုနဲ့ ICNCC ကို တည်ထားတယ်။ ဒါပေမဲ့ အဲဒါကို လက်တွေ့မကြတဲ့ အပိုင်းတွေ အများကြီး ရှိတော့ CNF ကအဲဒီအစုအဖွဲ့ကနေ ကျနော်တို့ နှုတ်ထွက်လိုက်တာဖြစ်တယ်။ ICNCC က အစုအဖွဲ့ ငါးခုနဲ့ ဖွဲ့ထားတာဖြစ်တဲ့အတွက် အစုအဖွဲ့ တစ်ခုခု နှုတ်ထွက်သွားပြီးဆိုရင် ICNCC က လက်တွေ့ကြသလားဆိုတဲ့ ဟာတွေက ပြန်သုံးသပ်ဖို့တော့ လိုမယ်။ ပြီးတော့ ICNCC က ကျင်းသုံးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ခေါ်ခေါ်၊ Chapter ပဲ ခေါ်ခေါ် ခိုင်မာတဲ့ ဖွဲ့စည်းပုံကို သူတို့က ဒီနေ့အထိ ရေးဆွဲအတည်ပြုနိုင်တာ မရှိသေးဘူး။ အဲလိုဖြစ်တယ်။ ပြောချင်တာက ICNCC က ကျနော်တို့ အနေနဲ့က မှေးမှိန်သွားနေပြီလို့ တွက်တယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ထုတ်ပြန်ချက်တွေကနေ ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးနိုင်ပါဘူးဆိုတဲ့ ဟာတွေ ရှိတယ်။ လွှဲပြောင်းသည်၊ မပြောင်းသည်က ကျနော်တို့က တော်လှန်ရေးကာလမှာ လက်တွေ့ကျတဲ့ လုပ်ငန်းဖော်ဆောင်မှုက အဲဒါက အဓိက လိုအပ်ပါတယ်။ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။
မေး – ချင်းပြည်အစိုးရယန္တရားနဲ့ NUG တို့ NUCC တို့နဲ့ကရော ဘယ်လိုမျိုးချိတ်ဆက် ဆောင်ရွက်သွားမှာပါလဲခင်ဗျ။
ဆလိုင်းထက်နီ – အခု ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးမှာ နဂိုကတည်းက ICNCC မန်ဘာတွေထဲက ကျနော်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း ချင်းလန်းကောင်စီမှာ အများစု ပါဝင်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို ICNCC နဲ့၊ NUCC ၊ NUG တို့က သိပြီးသာဖြစ်ပါတယ်။ ပြောချင်တာက တကယ့်မြေပြင်မှာ ဘာအလုပ်လုပ်သလဲ၊ ဘယ်လို လုပ်သလဲဆိုတာ ချင်းပြည်ကောင်စီ အနေအထားက ဘာလဲဆိုတာ NUCC ၊ NUG က သုံးသပ်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ချိတ်ဆက်မှုတွေကတော့ သူဟာနဲ့သူသွားနေပြီးသာဖြစ်ပါတယ်။ မချိတ်ဆက်လို့ မရတဲ့အနေအထားမှာလည်း ချိတ်ဆက်ပြီးသားလည်း ဖြစ်နေပါတယ်။
မေး – ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလား။
ဆလိုင်းထက်နီ – မရှိတော့ပါဘူး.
မေး – အခုလို အချိန်ပေးဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဆလိုင်းထက်နီ – ဟုတ်ကဲ့ကျေးဇူးပါ။