(002MG)
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှု ကြောင့် (၆) လအတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံးပြီး ၃၀၆ ဦး ထိခိုက်ဒါဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) က ယနေ့ ဇူလိုင်လ (၁၀) ရက်တွင် ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် ဇန်နနဝါရီလ ၁ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ အမျိုးသမီး ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၂၄၂) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၄၂) ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် (၂၉) ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် (၉) ဦး၊ ကျည်ထိမှန်မှု ကြောင့် (၇) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁) ဦး၊ ဆေးကုသခွင့်မရရှိမှုကြောင့် (၁) ဦး နှင့် ပဋိပက္ခကာလ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁) ဦး တို့ သေဆုံးခဲ့ရသည်ဟု BWU ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါ သေဆုံးခဲ့ရသည့် အမျိုးသမီး ၃၃၂ ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၅၈ ဦး ၊ ကိုယ်ဝန် ဆောင် အမျိုးသမီး ၁၀ ဦး၊ မသန်စွမ်း (၁) ဦးပါဝင်သည်ဟု သိရသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး (၃၀၆) ဦးထဲတွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် (၂၁၅) ဦး၊ လက် နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၅၀) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂၆) ဦး၊ ပဋိ ပက္ခကာလ လိင်ပိုင်းအကြမ်းဖက်မှုကြောင့် (၁၂) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၃) ဦး တို့ ဖြစ်ကြသည်။
တိုင်းနှင့်ပြည်နယ် ၁၂ ခုထဲတွင် စစ်ကိုင်းတိုင်း ၁၀၂ ဦးဖြင့်သေဆုံးမှုအများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းတွင် ၄၇ ဦး၊ ရခိုင်ပြည် နယ်တွင် ၄၁ ဦး၊ မကွေးတိုင်းတွင် ၂၉ ဦး၊ မန္တလေးတိုင်းတွင် ၂၈ ဦး၊ ကရင်ပြည်နယ်တွင် ၁၇ ဦး၊ ချင်းပြည်နယ်တွင် ၁၆ ဦး၊ ကချင်ပြည်နယ်တွင် ၁၅ ဦး၊ တနင်္သာရီတိုင်းတွင်း ၁၅ ဦး၊ မွန် ပြည်နယ်တွင် ၁၁ ဦး၊ ကရင်နီပြည်နယ်တွင် ၉ ဦး၊ ရှမ်းပြည်နယ်တွင် ၂ ဦး တို့ဖြစ်ကြောင်း အမျိုးသမီးသမဂ္ဂ (BWU)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါ အဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေသော ကြောင့် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု များအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံး နေကြရသည်ဟုဆိုသည်။
ထို့ကြောင့် အာဏာသိမ်းစစ်တပ်ထံ လက်နက်ခဲယမ်းများနှင့် လေယာဉ်ဆီများ မရောက်ရှိစေရန် တိကျစွာ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ ပြဌာန်းကျင်သုံးကာ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် ရက်စက်ကြမ်း ကြုတ်မှုမှန်သမျှရပ်တန့်ရန် ဖိအားပေး တိုးမြင့်လုပ်ရန် လိုအပ်သည့်အပြင် ပြစ်ဒဏ် ကင်း လွတ်နေမှုအား အဆုံး သတ်နိုင်ရန်အတွက် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် လူမျိုးတုံးသတ် ဖြတ်မှုများဖြင့် ပြစ်မှုကျုးလွန်သူ အကြမ်းဖက် စစ်အုပ်စုခေါင်း ဆောင် များအား အာဂျင်တီးနား၏ ဖမ်းဝရမ်း ထုတ်ပြန်မှုအား အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ ပံပိုးကူညီ၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသမီးသမဂ္ဂ (BWU) က တောင်းဆိုထားသည်။

