(006SV)
အပူပိုင်းမုန်တိုင်းငယ်၏ လေပွေလှိုင်းကြောင့် ချင်း အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ယခု စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး သဘာဝဘေးအန္တရာယ်များ သတိပြုကြရန် စစ်ကောင်စီ မိုးဇလဌာနက အထူးမိုးလေဝသသတင်းအဖြစ် သတိပေးထုတ်ပြန်သည်။
တောင်တရုတ်ပင်လယ်ပြင်မှ အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး စက်တင်ဘာလ ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်၍ စက်တင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသများကို စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်က ထုတ်ပြန်သည်။
လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ရက်အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၊ မိုးဇလက ထုတ်ပြန်သည်။
ယင်းအပူပိုင်း မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်နှင့် လေပွေလှိုင်းများသည် မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ပြန်လည် အစပျိုးအားကောင်းလာနိုင်ကြောင်းသိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန် သတိပေးထားသည်။