(006SV)
အာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်တွင် ၉၀ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံထားရသော ဒေသများမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်က လေကြောင်း တိုက်ခိုက်မှု ၁၂၂ ကြိမ်ဖြင့် အဆိုးရွားဆုံး ထိခိုက်ခံစားရသော ဒေသဖြစ်သည်ဟု သိရသည်။
ဧပြီလမှ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၅၂၀ ကြိမ်ရှိခဲ့ပြီး ယင်းဖြစ်စဉ်များအနက် အကြိမ်ရေ ၅၁၀ ဖြစ်သည့် ၉၈.၀၈ ရာခိုင်နှုန်းသည် ချင်းအပါအဝင် အင်တာနက်ဖြတ်တောင်မှု ဒဏ်ခံနေရသော ဒေသများမှာ ဖြစ်ပွားခဲ့သည်ဟု မြန်မာအင်တာ နက်ပရောဂျက် (MIP) က ဇူလိုင်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။
“ကျနော်တို့ တွေ့ရှိချက်ထဲမှာလည်း စစ်အုပ်စုက နယ်မြေစိုးမိုးရေးအတွက်ကို တအားကြိုးပမ်းနေတယ်။ သာလွန်အင်အားကို အလွန်အကျွံသုံးစွဲတယ်ဆိုတာ တွေ့ရတယ်။ အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေက ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှု မြင့်မားနေတယ်ဆိုတာကို တွေ့ရတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်းနဲ့ အခြေခံအဆောက် အဦးတွေ ဖျက်ဆီးခံရတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးသင်ကြားခွင့်တွေကို အဟန့်အတားဖြစ်စေတယ်။ နောက်တစ်ခုက စစ်ဘေးရှောင်နေရာတွေကို ဦးတည်တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဒေသတွင်းမှာ ရှိနေတဲ့ အရပ်သားတွေ အသက်ရှင်ရပ်တည်ရေးဟာ အကာအကွယ်မဲ့နေတယ်။ အဲဒါတွေက အင်တာနက် ဖြတ်တောက်ပြီးတော့ လေကြောင်းတိုက်ခိုက်တဲ့အတွက် သက်ရောက်မှုတွေ ဖြစ်ပါတယ်” ဟု ဟု မြန်မာအင်တာနက်ပရောဂျက် (MIP)မှ ပြောရေးဆိုခွင့် ရှိသူ ကိုသစ်ဥာဏ်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်၏ ၆၂ ရာခိုင်နှုန်းက ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် စစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခပြင်းထန်းနေသော ဒေသ ၃ ခုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်တပ်က ၎င်းတို့ လက်လွှတ်ခဲ့ရသော ဒေသများ ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကြောင်းထိုးရာတွင် လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုလာခြင်းကို တွေ့ရှိရပြီး ၃ လတာအတွင်း ချင်းမှာ ၁၂၂ ကြိမ်၊ စစ်ကိုင်းမှာ ၁၀၁ ကြိမ်နှင့် ရခိုင်မှာ ၉၈ ကြိမ်တို့ဖြင့် အဆိုးရွားဆုံး ထိခိုက်ခံစားရသော ဒေသများဖြစ်သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းနှင့် ပြည်နယ်များ၏ မြို့နယ်ပေါင်း ၈၇ မြို့နယ်သည် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ ခဲ့ရပြီး ချင်းမှာ ၈ မြို့နယ် လေကြောင်းတိုက်ခိုက်ခံရသည်ဟု သိရသည်။
ဗုံးကြဲခံရမှုကြောင့် အမျိုးသမီး အနည်းဆုံး ၅၈ ဦး၊ ကလေးငယ် ၄၁ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦးအပါအဝင် အရပ်သား ၃၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီး သေဆုံးမှု အားလုံး၏ ၉၅.၅ ရာခိုင်နှုန်းသည် အင်တာနက် ဖြတ်တောက် ခံထားရသော ဒေသများတွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာအင်တာနက် ပရောဂျက်၏ စာရင်းများအရ သိရသည်။
အဆိုပါချက်အလက်များသည် ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်သော အရပ်သားများသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အန္တရာယ်အရှိဆုံး အခြေအနေတွင် ရှိနေသည်ဟု MIP က သတိပေးသည်။
ဘုန်းတော်ကြီးကျောင်း အများအပြားအပါအဝင် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံးနှင့် ဆေးခန်း၇ ခုနှင့် စစ်ဘေးရှောင်စခန်း ၅ ခုတို့အပါအဝင် အခြေခံအဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

