Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီမှာ တတိယတော်လှန်ရေးအင်အားစုအဖွဲ့ ထပ်မံပေါ်ပေါက်

ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီမှာ တတိယတော်လှန်ရေးအင်အားစုအဖွဲ့ ထပ်မံပေါ်ပေါက်

0
By Editor on July 16, 2025 Headline

(006SV)

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် MRO/ Chin Defense Force – မတူပီနှင့် Chinland Defense Force – မတူပီ စသည့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်မှုမရှိသော သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီ ချင်းတော်လှန်ရေးအဖွဲ့တစ်ခု ထပ်မံပေါ်ပေါက်လာသည်ဟု သိရသည်။

မတူပီမြို့နယ်ထဲက ချင်းအင်အားစုများ တည်ထောင်လိုက်သည့် ချင်းအမျိုးသားကောင်စီ – မတူပီကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ကြေညာသည်။

CNC – မတူပီတွင် Chin Defense Force မတူပီမှ တပ်ဖွဲ့ဝင်များ၊ မတူပီမြို့နယ်ပြည်သူအုပ်ချုပ်ရေးမှ ၄ ဦးထက်မနည်း၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ ထောက်ပို့အစုအဖွဲ့များ ပါဝင်သည်ဟု CNC – မတူပီ ဖွဲ့စည်းမှုတွင် ပါဝင်သည့် Global Matu Organization – GMO မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မတူပီမြို့နယ်ကို အရပ်သား ဒီမိုကရေစီ စနစ်နဲ့ CNC Matupi က ဦးဆောင်ဖို့ သဘောတူထားကြပါတယ်။ အဲ့တုန်းက ပြန်ကြား ရေးမှာ တာဝန်ယူထားတဲ့ ဘွေအုပ်နဲ့ တပ်မဟာ ၁ စစ်ဗျူဟာမှူး ဟောရှေ အပါဝင် လက်ရှိ စစ်ဦးစီးချုပ် ကမ်စ်လျန် တို့ အားလုံး ပါပါတယ်။ လူထုကို အတူတူချပြဖို့ အစည်းဝေးကို တပ်မဟာ ၁ ဖက် က ခဏခဏ ရွေ့ပြီး သူတို့တပ် အစည်းအဝေးပြီးရင် လူထုကို ချပြမယ်ဆိုပေမဲ့ မြေပြင်တပ် အစည်းအဝေးပြီး CNC မတူပီ ကို စိတ်မဝင်စားတော့ဘူးလို့ ရုတ်တရက် ပြောလာတယ်။ သူတို့က တပ်အစည်းအဝေးမှာ MRO ကို လျို့ဝှက်ဖွဲ့စည်းတာ နောက်မှ သိရတယ်။ လူထုနဲ့ တော်လှန်ရေးအစုအဖွဲ့အပေါ် သစ္စာဖောက်လာ တယ်။ လက်ရှိမှာ MRO မှ အပ အခြား ပြည်တွင်း ပြည်ပ ပညာရှင် တော်လှန်ရေးအစုအဖွဲ့ မြို့နယ်အုပ်ချုပ်ရေး အားလုံးက CNC မှာ ပါပါတယ်။ MRO ဟာလည်း တပ်လူတွေပဲ ပါတယ်။ ခု သူတို့ မြေပြင်မှာ MRO ကို သဘောမတူတဲ့ အစုအဖွဲ့တွေကို ဖိအားတွေ ပေးလာတယ်” ဟု Global Matu Organization – GMO မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းအမျိုးသားကောင်စီ- မတူပီကို ကောင်စီဥပဒေပြဌာန်းချက်နှင့်အညီ ပြည်ထောင်စုအတိုင်းအတာ၊ ချင်းအမျိုးသားတစ်ခု လုံးအတိုင်းအတာနှင့် မြို့နယ်တစ်ခုလုံးအတိုင်းအတာတို့တွင် တော်လှန်ရေးအဖွဲ့ အားလုံးဖြင့် အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ လွှမ်းခြုံဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

မတူပီမြို့နယ်အတွင်း လက်ရှိကောင်စီမှာ ပါဝင်မှု မရှိသေးသည့် တော်လှန်ရေးအစုအဖွဲ့များ ရှိပါက အားလုံးပါဝင်နိုင်ရေး စည်းရုံးဆောင်ရွက်သွားမည်ဟု သိရသည်။

စစ်ကောင်စီ လက်အောက်မှ မတူပီမြို့ကို မသိမ်းပိုက်မီအချိန်ကပင် မတူပီတစ်မြို့နယ်လုံးရှိ တော်လှန်ရေးအစုအဖွဲ့ အားလုံး စုစည်း၍ မတူပီမြို့နယ်ဆိုင်ရာ ကောင်စီတစ်ရပ်ကို ဖွဲ့စည်းရန် ဆွေးနွေးတိုင်ပင် သဘောတူခဲ့ကြသည်ဟု ချင်းအမျိုးသားကောင်စီ – မတူပီက ထုတ်ပြန်သည်။

မူကြမ်းရေးဆွဲရေး ကော်မတီကို အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အထောက်အကူပြု ကော်မတီတို့မှ ကိုယ်စားလှယ်များ ရွေးချယ်ပြီး ပြင်ပဥပဒေပညာရှင်များ အကူအညီဖြင့် ကောင်စီဥပဒေ မူကြမ်းကို ၆ လကျော်ရေးဆွဲခဲ့သည်ဟု သိရသည်။

၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်တွင် ကောင်စီဥပဒေမူကြမ်းကို အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ အထောက်အကူပြုကော်မတီ၊ CDMer များ၊ CSO များနှင့် ဥပဒေဆိုင်ရာအကြံပေးတို့ဖြင့် အစုအဖွဲ့စုံညီစွာ တက်ရောက်၍ အပြန်အလှန်ဆွေးနွေးပြီး အတည်ပြု ပြဌာန်းခဲ့ သည်ဟု ချင်းအမျိုးသားကောင်စီ – မတူပီထံမှ သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်သည့် Chinland Defense Force – မတူပီတွင် မတူပီကောင်စီ ဟူ၍ နိုင်ငံရေးအဖွဲ့အစည်း ရှိထားပြီး ICNCC နှင့် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့် Chin Defense Force – မတူပီတွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO) ရှိပြီဖြစ်သည်။

အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် ချင်းအမျိုးသားကောင်စီ – မတူပီသည် MRO / Chin Defense Force – မတူပီမှ ထပ်မံပေါ် ပေါက်ဖွဲ့စည်းလာခြင်းဖြစ်သည်ဟု မတူပီတော်လှန်ရေးအင်အားစုတချို့ကလည်း ပြောသည်။

“MRO နဲ့ Chin Defense Force – မတူပီကို မကြိုက်တဲ့ လူတွေက CNC- မတူပီဆိုပြီး သပ်သပ် လုပ်တာပါ။ မြေပြင်မှာ ရှိတဲ့ လူနည်းနည်းနဲ့ နိုင်ငံခြားမှာ ရှိတဲ့ လူက များလိမ့်မယ် ထင်ပါတယ်။ သူတို့က ကောင်စီနဲ့ သွားစေချင်တာ။ ဒါကို တပ်ဘက်က MRO ကို လုပ်လိုက်တော့ ပြသနာတက်ပြီး သူတို့ကလည်း CNC ကို မရ၊ မက လုပ်လာတာပါ။ ပြသနာတော့ တော်တော်များကြတယ်။ ဆိုတော့ တပ်ကတော့ MRO က လွမ်းမိုးထားတာပေါ့။ အဓိကက အုပ်ချုပ်ရေးရာကို တပ်က အကုန်လုံး ကိုင်တဲ့အခါမှာ အဆင်မ ပြေမှုတွေ များတော့ သူတို့က မကြိုက်ကြဘူးထင်တယ်။ အဲဒါနဲ့ CNC ဆိုတဲ့ နာမည်နဲ့ ထပ်ပြီး ဖွဲ့တာ။ အသစ်ပေါ်လာတာပေါ့နော်” ဟု မတူပီတော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သို့ရာတွင် MRO / Chin Defense Force – မတူပီထံ ဆက်သွယ်မေးမြန်းရာတွင် CNC – မတူပီအကြောင်းကို ယင်းတို့အဖွဲ့ထံသို့ မေးမြန်းရန်သာ ပြန်လည်ဖြေကြားခဲ့သည်။

MRO / Chin Defense Force – မတူပီကို ထောက်ပံ့အကူအညီပေးနေသော အဖွဲ့အစည်းများဖြစ်သည့် Global Matu Supporting Committee အပါအဝင် အဖွဲ့အစည်း ၃ ခုက ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်တွင် မြို့နယ်တစ်ခုလုံးရှိ တော်လှန်ရေးအဖွဲ့များ စနစ်တကျ စုစည်း၍ တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတူပီကောင်စီကို ဖော်ဆောင်မည်ဟု ကြေညာထားသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မတူပီမြို့နယ်ကို MRO / Chin Defense Force – မတူပီ ပါဝင်သော ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာခဲ့သော မတူပီမြို့နယ်အခြေစိုက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီသည် စစ်ရေးနှင့် နိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် ၂၀၂၃ ခုနှစ်ထဲတွင် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် CDF – မတူပီ ၊ တပ်မဟာ – ၂ ဟူ၍ ပြိုကွဲသည်။

ယင်းနောက် CDF – မတူပီ၊ တပ်မဟာ – ၁ သည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်လာပြီး CDF – မတူပီ၊ တပ်မဟာ – ၂ သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။

ယခုတခါ ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) ဟူ၍ မတူပီမြို့နယ်အခြေစိုက်သည့် ချင်းတော်လှန်ရေးအင်အားစု ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.