(004SS)
ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ချင်းအမျိုးသားတက္ကသိုလ် (CNU) အကြိုကောလိပ်ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီး ဒီဇင်ဘာလ ၁၅ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ပြီဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ချင်းအမျိုးသားတက္ကသိုလ် (CNU) ၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူ၊ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ထောက်ခံစာများနှင့်အတူ moe.goc@chinlandcouncil.org သို့ ပူးတွဲလျှောက်ထားနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
သင်တန်းကာလမှာ ၈ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် လစဉ်ကျပ် ၅၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ် ဒီပလိုမာသင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီကျောင်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသောအခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်းလက်မှတ် (BECA, NUG) ရရှိထားသူများ၊ စစ်အာဏာမသိမ်းမီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဆက်မတက်တော့ဘဲ ရပ်နားထားသူများ၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင် မြင်ထားသူများ၊ General Education Development စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများ၊ International General Certificate of Secondary Education စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများနှင့် တိုင်းရင်းသားပညာရေးစနစ်မှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများသာ လျှောက်ထားနိုင်သည်ဟု ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။