(006SV)
ချင်းတော်လှန်ရေး အင်အားစုများ၏ ချင်းအမျိုးသားတက္ကသိုလ် (CNU) ၏ အကြိုကောလိပ် ဒီပလိုမာသင်တန်း ဒုတိယအသုတ်ကို စတင်ခေါ်ယူနေပြီးဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာသည်။
အကြိုကောလိပ် ဒီပလိုမာသင်တန်း ဒုတိယအသုတ်ကို ယခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်သွာမည်ဟု စက်တင်ဘာလ ၃ ရက်မှာ ချင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၁ မတိုင်မီ တက္ကိသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ် ဆက်မတက်ဘဲ ရပ်နားထားသူများ၊ အခြေခံပညာ ပြီးမြောက်ကြောင်း လက်မှတ် (BECC of MoE or NUG MoE) ရရှိထားသူများ၊ အိမ်နီးနားချင်း နိုင်ငံများမှ Grade 12 အောင်မြင်သူများ၊ GED စာမေးပွဲ အောင်မြင်ထားသူများ၊ IGCSE စာမေးပွဲ အောင်မြင်ထားသူများ ၊ တိုင်းရင်းသားပညာရေးစနစ်များမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်ဟု သိရသည်။
လျှောက်လွှာများကို ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာနှင့် သက်ဆိုင်ရာမြို့နယ်နှင့် ဒေဿပညာရေးဌာနများမှ တောင်းယူ ရရှိနိုင်သည်ဟု သိရသည်။
ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ် အထောက်အထား မိတ္တူများ၊ သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ထောက်ခံစာများနှင့်အတူ chinnationaluniversity@gmail.com သို့ ပေးပို့ရမည်ဟု သိရသည်။
အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်ထားသူများသည် အောက်လက်မှတ်အပြင် ကျောင်းအုပ်ထောက်ခံစာပါ ပူးတွဲတင်ပြနိုင်ရမည်ဖြစ်ပြီး သင်တန်းကာလ ၉ လအတွက် သင်တန်းကြေး လစဉ် ၁၈၀,၀၀၀ သတ်မှတ်ထားသည်ဟု သိရသည်။
လျှောက်ထားသူများသည် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ဝင်ခွင့်ရသူများကို တက္ကသိုလ်ဘက်က ပြန်လည်အကြောင်းကြားပေးမည်ဟု သိရသည်။
လက်ရှိ ခေါ်ယူနေသော အကြိုကောလိပ်သင်တန်းသည် ဒီပလိုမာဘွဲ့ ပေးအပ်မည့်သင်တန်းဖြစ်ပြီး ယင်းသင်တန်း အောင်မြင်သူများသာ ချင်းအမျိုးသားတက္ကသိုလ်တွင် ဆက်လက်တက်ရောက်ခွင့်၊ ဝင်ခွင့် ရမည်ဟု သိရသည်။