(006SV)
၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက် နေသည့် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သည်ဟု CDF – မင်းတပ်နှင့် ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁ နာရီခန့်မှာ မင်းတပ်မြို့ပေါ်က စံပြရပ်ကွက်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၂၅၀ ဝန်းကျင်ရှိသော ဗုံး ၁ လုံးတို့ကို ကြဲချတိုက်ခိုက်သွားသည်ဟု CDF Mindat သတင်းပြန်ကြား ရေးနှင့် မှတ်တမ်း ဌာန၊ ဌာနမှူး ကိုဇလပ်သွေးနှင့် မင်းတပ်မြို့ခံကိုဟာကလေးထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ နေအိမ်များ ထိခိုက် ပျက်စီးမှုများလည်း မရှိခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သဝဏ်လွှာဖြင့် ဖိတ်ခေါ်နေသော်လည်း တဖက်မှာ တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီ နှစ်လနီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။
မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားပြီဖြစ်သည်။
၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းတော်လှန်ရေးအင်အားစုများနှင့် ချင်းပြည်သူများသည် ချင်းပြည်နယ်အတွင်းသာမက အိန္ဒိယ၊ မလေးရှားအပါအဝင် နိုင်ငံတကာမှာပါ နည်းလမ်းမျိုးစုံဖြင့် စည်းကားစွာ ကျင်းပနေကြသည်။