(002MG)
ချင်-မကွေးအစပ်၊ ဆောမြို့ဘက်ဦးတည် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာတွင် စစ်သုံ့ပန်း (၉) ဦး၊ ခဲယမ်းနှင့် ရိက္ခာတင်ကား (၃) စီးအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ် က သတင်းထုတ် ပြန်သည်။
ဇူလိုင် ၁၆ ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှ ဆောမြို့ဘက် ဦးတည်လာသော အမှတ် ၉၉ ခြေမြန် တပ်မဌာနချုပ် (တပ်မ ၉၉ ) မှ အင်အား ၃၀ ဝန်းကျင်သည် ပြည်သူ့ ကာကွယ်ရေးတပ်မ တော်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် အထိနာ သောကြောင့် လောင်းရှည်မြို့ထဲ ပြန်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ခဲယမ်း များ၊ ရိက္ခာတင် ကား (၃) စီး အပြင် ရိက္ခာများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၅ ရက်နေ့တွင်လည်း အင်အား(၁၈၀) ဝန်းကျင် စစ်ကြောင်းသည် လေကြောင်းပစ်ကူရယူကာ မြေပြင်၊ ဝေဟင် ထိုးစစ်ဖြင့် ဒုတိယအကြိမ် ထိုးစစ်ဆင်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မကွေးတိုင်းစစ်ဌာန တပ် ရင်းတပ်ဖွဲ့မှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိ နာသောကြောင့် ထပ်မံဆုတ်ခွာခဲ့သည့်အပြင် ပစ္စည်းအများအပြား နှင့် စစ်သုံ့ပန်း (၉) ဦး အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ် က ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်း MA-1 သေနတ် လေးလက်၊ MA-3 သေနတ် သုံးလက်၊ ရှော့ဂန်းသေနတ်- နှစ် လက်၊ RPG ပြောင်း- နှစ်လက်၊ GBP-128 မိုင်းရှင်းစက်ပုံး- သုံးပုံး၊ ကား သုံးစီး၊ Drone Jumper- တစ်ခု၊ Drone Controller- တစ်ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- တစ်ပုံး၊ ဆေးပစ္စည်း- နှစ်အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်၊ Starlink- တစ်လုံး တို့ကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ် က သိမ်းဆည်းရရှိခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် နှင့် ကန်ပက်လက်မြို့နယ်တို့ကို မေလကတည်းက စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မြေပြင်တိုက်ပွဲအတွင်း အကျအဆုံးများပြီး အထိနာ၍ တပ်ဆုတ်ခဲ့ရသည်ဟု သိရသည်။
ယခုအခါ မင်းတပ် နှင့် ကန်ပက်လက်မြို့နယ်တို့ကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ချင်း-မကွေးအစပ်ယောဒေသ ဆော၊ ကျောက်ထုဘက်ကို စစ်အင်အားဖြည့်တင်းလာသည့်အချိန်တွင် မကွေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ကြခြင်းဖြစ်သည်။
လက်ရှိအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများရှိနေ သောကြောင့် ဆောမြို့နယ် လောင်းရှည်ဒေသအတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် အထူးဂရုပြုရန်၊ လုံခြုံရာ နေရာများ၊ ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ကြရန် အသိပေးတိုက် တွန်းနှိုး ဆော်ထားသည်။

