(002MG)
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Rawn Chin Defense Force (RCDF) တပ်ဖွဲ့မှ ခွင့်လွန်၊ ခွင့်မဲ့နှင့် တပ်ပြေးဖြစ်နေသော ရဲဘော်များအနေဖြင့် လာမည့် ဩဂုတ်လ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ထံသို့ လူကိုယ်တိုင် လာရောက်၍ ပြန်လည်တာဝန်ထမ်းဆောင်ရန် အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် RCDF ရဲဘော်၊ တပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားကာ တာဝန်ပြန်လည်ထမ်းဆောင်ရန်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်ရောက်ရှိ လာသော ရဲဘော်များအား ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၁၇) ရက်နေ့ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် သတ်မှတ်ကာလအတွင်း ရောက်လာခြင်းမရှိဘဲ ပျက်ကွက်သည့် ရဲဘော်များအား တပ်စည်းကမ်းအရ မည့်သည့်အချိန်၊ မည်သည့်နေရာတွင်မဆိုတွေ့ရှိပါက ဖမ်းဆီးကာ ပြင်းထန်စွာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်သည်။
Rawn Chin Defenes Force (RCDF) သည် မြေပြန့်ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ကာ ချင်းအမျိုးသားတပ် မတော် (CNF/A) ၏ ကွပ်ကဲမှုအောက်တွင် ခံယူထားသည့် အဖွဲ့အစည်းဖြစ် သည်။

