(006SV)
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ချင်းအမျိုးသားနေ့ မှာ ထုတ်ဖော်ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည် သဝဏ်လွှာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။
စစ်ကောင်စီသည် လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်တော်လှန်နေမှုများ ချုပ်ငြိမ်းရေးကို NCA ပါ သဘောတူညီချက်များ အတိုင်း ဦးတည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာ ဆွေးနွေးပြောဆို ရန် ကမ်းလှမ်းထားကြောင်း၊ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း ချင်းအမျိုးသားနေ့တွင် ထပ်မံအသိပေး ထုတ်ပြန်လာခြင်းဖြစ်သည်။
NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦးသည် စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီဟု ထုတ်ပြန်ပြောဆိုထားပြီး ချင်းပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို ဆောင်ရွက်ထားကာ၊ ၂၀၂၅ တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်သည် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု မကြာခဏ ထုတ်ဖော်ပြောကြားနေပြီး ချင်းပြည် သူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်း ဆောင်ပေးကြရန် ပြောဆိုထားသည်။
“အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်” ဟု စစ်ခေါင်းဆောင်က ယနေ့ သဝဏ်လွှာမှာ ထပ်မံ ပြောသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း၊ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်ဟု ပြောဆိုထားကြသည်။
လက်ရှိ ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံအတွင်း နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာ ရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုသည်။
ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ပေါ်နေရာများ၊ ဖလမ်းနှင့် ထန်တလန်မြို့က စစ်စခန်းတို့တွင်သာ စစ်ကောင်စီက နယ်မြေစိုးမိုးထားနိုင်ပြီး ကျန်ဒေသအားလုံးကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။