(002MG)
စစ်ကိုင်းဖိုရမ် (စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများဖြစ်သည့်
(က) စစ်ကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းပြင်ဆင်မှု၊
(ခ) စစ်ကိုင်းဖိုရမ်၏ တတိယအကြိမ်ဖိုရမ်ပြုလုပ်ရန်ပြင်ဆင်မှု၊
(ဂ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သပိတ်အင်အားစုများ၏ “တိုင်းအဆင့် သပိတ်အင်အားစု” အဖြစ်ဖွဲ့စည်းရန် ပြင်ဆင်မှု
တို့အပေါ် “မူ” အားဖြင့် ကြိုဆိုသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။

သို့သော်လည်း စစ်ကိုင်းဖိုရမ် (စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း) အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားသည်ဟု ဆိုသည်။
“တိုင်းတွင်းနိုင်ငံရေးအခင်းအကျင်းအပေါ် မျက်ခြေမပျက် လေ့လာနိုင်ဖို့ ဆွေးနွေးချက်တွေအရ ကော်မတီရဲ့ သဘောထားပါ။ ကျွန်တော်တို့က သီးခြားရပ်တည်သွားမှာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ဒီ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး Process ကို မှုအားဖြင့် ကြိုဆိုမယ်၊ ပူးပေါင်းလို့ရတဲ့ ပြည်သူလူထုရဲ့ အသံ၊ အမြင်သဘောထားနဲ့ တိုးတက်ပြောင်းလဲလိုတဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ကျွန်တော်တို့နိုင်ငံရေး Process အတိုင်းကို ဒေသအတွင်းမှာ မိတ်ဖက်ညီနောင်တွေနဲ့ ကျွန်တော်တို့ ပြုလုပ်သွားမယ်ဆိုတဲ့ ပုံစံဖြစ်ပါတယ်” ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံ၏ ကာလကြီး (၃) ရပ် အတွင်း၊ ဒေသခံပြည်သူလူထု၏ “အသံ၊ အမြင်သဘောထား၊ ပြုပြင်ပြောင်းလဲတိုးတက်လိုသောဆန္ဒ” တို့ကို ရှေးရှုကာ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ “ညီနောင်” အဖြစ် လက်တွဲလျက် ဆက်လက်ချီတတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှ ာဖော်ပြထားသည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီသည် ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော၊ ပင်မကြွေးကြော်သံ ဖြစ်သည့် (၁) စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ပပျောက်ရေး၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေး၊ (၃) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ပေါက်ရေး၊(၄) အရပ်သားအစိုးရပေါ် ထွန်းရေးတို့ကို ကလေးဒေသခံ မိဘပြည်သူတရပ်လုံးနှင့်အတူ ယနေ့အထိ စွဲကိုင်ချီတတ်လျက်ရှိကြောင်း သိရသည်။