Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်ကောင်စီကြောင့် ပြာပုံဖြစ်ခဲ့ရသော ယုံကြည်သူများ၏ အထွဋ်မြတ်နေရာ

စစ်ကောင်စီကြောင့် ပြာပုံဖြစ်ခဲ့ရသော ယုံကြည်သူများ၏ အထွဋ်မြတ်နေရာ

0
By Editor on September 9, 2022 Featured

Salai Vakok

“မချမ်းသာသော်လည်း ပျော်ပါသည်”ဟူသော တောင်ပေါ်မြို့ကလေး၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် အသင်းတော်မှာ အာဏာသိမ်းစစ်တပ်က မီးရှို့သောကြောင့် မီးလောင်ပုံထဲ အခွံမျှသာ ကျန်ရှိတော့သည်။

မြို့ရှိ ဘုရားကျောင်း အားလုံး၏ မိခင်၊ သက်တမ်း ၁၁၇ ခုနှစ်ရှိ၊ ရှေးအကျဆုံး ကနေဦး အသင်းတော်၏ ဘုရားကျောင်းကို စစ်အာဏာသိမ်းမှု၏ တစ်နှစ်ကျော်အကြာတွင် စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်သည်။

မြို့သူ/သားထောင်ပေါင်းများစွာ ထိုဘုရားကျောင်းရှိ ဘုရားရှေ့တွင် ကတိသစ္စာပြုခြင်း၊ လက်ထပ်ပွဲပြုလုပ်ခြင်းအပါအဝင် မြို့နယ်၏ သာရေး၊နာရေးနှင့် အမျိုးသားရေးအထိ မပါမပြီးသော ဘုရားကျောင်းတော်ဖြစ်သည်။ ယခုတော့ ဘုရားကျောင်းသည် တိမ်ညိုတိမ်မဲများ၏ ငွေနားကွပ်ကဲ့သို့သာ တွေ့နိုင်တော့သည်။

ချင်းလဲန်းဒေသ၏ အကြီးဆုံးဘုရားကျောင်းထဲတွင် ပါဝင်သော၊ သာသနာပြုအသင်းတော်ဖြစ်သော ထန်တလန် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းသည် ၂၀၂၂ ဇွန် ၉ ရက် ညနေ ၄ နာရီခွဲက အာဏာသိမ်းတပ်၏ မီးရှို့ခြင်းကြောင့် ပြာပုံသာကျန်သည်။

ထန်တလန်နှစ်ခြင်းအသင်းတော်သည် ထန်တလန်မြို့နယ်အတွက်သာမက ချင်းပြည်နယ်၏ ကနဦး အသင်းတော်လည်းဖြစ်သည်။ ထန်တလန်မြို့နယ်တွင် တည်ရှိသော အသင်းတော် အားလုံးမှာ ယခုဘုရားကျောင်းမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လာခြင်းဖြစ်သည်။

မြို့၏ လူဦးရေ တစ်သောင်းဝန်းကျင်တွင် လူထု၏ ၃ပုံ၊ ၁ပုံကျော်မှာ ထန်တလန်နှစ်ခြင်းအသင်းတော်၏ ဘုရားကျောင်းတွင် ဝတ်ပြုကြသည်။ မီးရှို့မခံရခင်က တောင်ပေါ်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်းသည် လှပခန့်ထယ်၍ ဂုဏ်သရေပြည့်ဝလျက် ဝတ်ပြုဆုတောင်းသူများဖြင့် စည်ကားသော ဘုရားကျောင်းဖြစ်သည်။

“ဒီလို မီးရှို့တာကိုတော့ ကျနော်တို့ အင်မတန်မှကို နာကျည်းပါတယ်။ တကယ်တန်းဆိုရင် ဘုရားကျောင်းက မီးရှို့စရာ မလိုပါဘူး။ အဲဒီစကစတွေကလည်း ကျနော်တို့ ပြည်သူကိုပဲ မဟုတ်ဘဲနဲ့ ဘာသာရေးလည်း ဘာမှ မမြင်ဘူးပေါ့။ နာကျင်သမျှ နာကျင်အောင်၊ ကျနော်တို့ ဘာသာရေးကိုလည်း၊ ယုံကြည်ရေးကိုလည်း ဖျက်စီးချင်တဲ့ သဘောပါ။ ဆိုတော့ ပြောချင်တာကတော့ ကျွန်တော်တို့ အင်မတန်မှ နာကျည်းပါတယ်။ စစ်ကောင်စီအစိုးရပေါ်မှာ” ဟု ထန်တလန်မြို့နှစ်ခြင်းအသင်းတော်၏ သက်တမ်း၂၀ ကျော်ရှိသည့် သိက္ခာတော်ရ ဆရာတော်တစ်ပါးက မိန့်သည်။

စစ်ကောင်စီတပ်သည် ထန်တလန် နှစ်ခြင်းအသင်းတော်ကျောင်းတစ်ခုကိုသာ မီးရှို့ဖျက်စီးခြင်းမဟုတ်၊ ထန်တလန်မြို့ပေါ်ရှိ တခြားဘုရာကျောင်း ၁၂ ခုကိုလည်း မီးတင်ရှို့ခဲ့သည်။

စစ်တပ်သည် ၁၆ လအတွင်း ထန်တလန်မြို့ကို အနည်းဆုံး ၃၅ ကြိမ်ခန့် မီးရှို့ရာ လူနေအိမ် (၁၅၀၀) ခန့်မှာ လောင်ကျွမ်းပြာကျခဲ့သည်။ မြို့၏ ပြည်သူအားလုံးမှာ နယ်စပ်ဒေသနှင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးနေရသည်။

ထန်တလန်မြို့နယ်နှင့် မြို့ပေါ်ရှိ နှစ်ခြင်းအသင်းတော် အားလုံးသည် ဆွေးနွေးစရာများ၊ ယုံကြည်မှု ပိုင်းဆိုင်ရာများ၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သော အချိန်များတွင် ထန်တလန်နှစ်ခြင်းအသင်းတော်၏ ဘုရားကျောင်းမှာပင် ပြုလုပ်ကြသည်။

မြို့နယ်၏ လူမှုရေးကိစ္စများ၊ ချင်းအမျိုးသားနေ့ မှစ၍ အမျိုးသားရေးဆွေးနွေးပွဲများကိုလည်း အဆိုပါ ဘုရားကျောင်းမှာပင် ပြုလုပ်ကြသည့် အစဉ်အလာရှိသည်။ မြို့၏ အရေးကြီးသော နှိုးဆော်လှုပ်ရှားမှုတွေစတင်ရာ ဗဟိုချက်မဘုရားကျောင်း ဖြစ်သောကြောင့် ရာဇဝင်သမိုင်းကြီးသည်။

အခုတော့ ထန်တလန်နှစ်ခြင်း ဘုရားကျောင်းအပါအဝင် မြို့၏ ဘုရားကျောင်းအားလုံးနီးပါးမှာ မီးရှို့ဖျက်စီးခြင်းခံရသောကြောင့် ပြည်သူ ထောင်ပေါင်းများစွာသည် နီးစပ်ရာကျေးရွာရှိ ဘုရားကျောင်းများ၊ ဘုရားကျောင်းမရှိသော ဒုက္ခသည်စခန်းများတွင် အခက်အခဲမျိုးစုံဖြင့် ဝတ်ပြုစုတောင်းနေရသည်။

“စိတ်မကောင်းစွာနဲ့ပဲ သူများအသင်းတော်တွေမှာ ဝတ်ပြုကြတယ်ပေါ့။ တစ်နေ့ ကောင်းတဲ့အချိန်မှာ ထန်တလန်မှာ ဘုရားကျောင်းကို အသစ် ပြန်ဆောက်ပြီးမှ ကိုယ့်ဘုရားကျောင်းမှာ ဝတ်ပြုရမဲ့အချိန်ကို စောင့်ဆိုင်းနေကြတာပေါ့” အဆိုပါ သိက္ခာတော်ရဆရာတော်က ပြောသည်။

နိုင်ငံကို အာဏာသိမ်းထားသော စစ်တပ်သည် ထန်တလန်မြို့ရှိ ဘုရားကျောင်းအားလုံးကို မီးရှို့ဖျက်စီးခြင်း သာမက ချင်းလဲန်းဒေသတွင် ဘုရားကျောင်း ၃၆ ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၂၀ ခန့်ကို မီးရှို့ဖျက်စီး ထားသည်။

ထို့မျှမက မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ဘုန်ကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဘာသာရေး အဆောက် အအုံပေါင်း များစွာကို မီးရှို့ဖျက်စီးနေသည်။

ချင်းလဲန်းဒေသတွင် မီးရှို့ခံရသော ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံများမှာ လုံးဝ ရစရာမရှိအောင် ပျက်စီးနေသည်။ ဖျက်ဆီးခံရသော ဘာသာရေးအဆောက်အအုံများမှာလည်း စစ်တပ်၏ စခန်းအဖြစ် အသုံးပြုခြင်း၊ ပရိဘောဂများကို ဖျက်စီးခြင်း၊ အဆောက်အအုံများကို လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ကျမ်းစာအုပ်များကို လွှင့်ပစ်ခြင်းနှင့် မီးရှို့ခြင်းတို့ ပြုလုပ်ကြသည်။

ဂျီနီဗာသဘောတူစာချုပ်အရ စစ်ပွဲများတွင် ကျောင်းများ၊ ဆေးရုံးများ၊ ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်ဘက်အဆောက်အအုံများကို စစ်ရေးရည်မှန်းချက်အတွက် အသုံးမပြုရန်နှင့် မဖျက်ဆီးရန် တားမြစ်ထားသည်။

“ဆိုတော့ တိုက်ပွဲဘယ်လောက်ပဲ ဖြစ်ဖြစ် တိုက်ပွဲလုပ်တဲ့ သူတွေ လိုက်နာရမှာက အဲဒီအဆောက်အုံတွေကို အသုံးချလို့ မရဘူး။ အကာအကွယ်ပေးရမယ်၊ အခုက အကာအကွယ်မပေးပဲနဲ့ မီးရှို့တယ်။ ဖျက်စီးတယ်။ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်” ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) မှ Salai Mang Hre Lian က ပြောသည်။

နိုင်ငံသည် ဘာသာမဲ့နိုင်ငံ မဟုတ်သောကြောင့် ဘာသာရေးအထွတ်အထိပ်ဖြစ်သော ဘုရားကျောင်းနှင့် ဘာသာရေး အဆောက်အအုံတွေကို မီးရှို့ခြင်း၊ ဖျက်စီးခြင်းမှာ မလုပ်သင့်ပါဟု ချင်းနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

တစ်ဖက်ကလည်း ထန်တလန်ဘုရားကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံများ မီးရှို့ဖျက်စီးခြင်းကို ဖျက်စီးသောအဖွဲ့အစည်းက အားလုံးကို တာဝန်ခံယူသင့်ကြောင်း ၎င်းကဆိုသည်။

ဘုရားနှင့်တရား၏ အရိပ်အာဝါသအောက်တွင် တည်ရှိသော ဘုရားကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများသည် လူအများ၏ ခိုလှုံရာ၊ ငြိမ်းချမ်းမှု ဆောက်တည်ရာ နေရာဖြစ်၍ ထိုနေရာများတွင် တပ်စွဲခြင်းပင် မလုပ်သင့်ဘဲ ကာကွယ်စောင့်ရှောက်မှု ပေးရမည့် နေရာများကို စစ်အာဏာသိမ်းတပ်က မီးရှို့ဖျက်စီးနေခြင်းဖြစ်သည်။

“ဘုရားကျောင်းတို့ ဘာတို့မှာ တပ်စွဲတာကအစ မဖြစ်သင့်တဲ့အရာ၊ ပြည်သူတွေ လုံခြုံရေးအရ ခိုလှုံမဲ့နေရာ၊ လုံခြုံမဲ့နေရာလို့ ကျနော်တို့သတ်မှတ်ထားတဲ့အတွက်ကြောင့် စစ်ရေးအနေနဲ့ အတတ်နိုင်ဆုံး ရှောင်ရှားရမဲ့ နေရာ ဖြစ်ပေမဲ့၊ ဒါမျိုးမဟုတ်တဲ့အပြင် တမင်တကာလုပ်တဲ့ ဖျက်စီးတာဖြစ်တယ်” ဟု ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (CBC) မှ တာဝန်ရှိသူက မိန့်သည်။

ချင်းလူထု၏ ၉၀ရာခိုင်နှုန်းမှာ ခရစ်ယာန်ကိုးကွယ်သောကြောင့် ဘုရားကျောင်းများတွင် တပ်စွဲပါက လာမတိုက်ဘူး ဟူသော စိတ်အခံလည်း အာဏာသိမ်းစစ်တပ်တွင် ရှိနေသည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) မှ Salai Mang Hre Lian ပြောသည်။

ခုချိန်ထိ ချင်းလဲန်းဒေသတွင် ပါစတာ (၂) ဦး အသတ်ခံရပြီး ပျောက်ဆုံးနေဆဲ ပါစတာ (၂) ဦးရှိသည်။ စစ်အာဏာသိမ်းပြီးနောက် ပါစတာ ၁၃ ဦးခန့်မှာ ဖမ်းဆီးခံထားရသည်။

အိုးအိမ်ပစ် စွန့်ခွာခဲ့ရသော ချင်းလဲန်းဒေသမှ လူထုသည် ဘုရားကျောင်းမရှိသော အရပ်ဒေသတွင် လူစုဝေးလျက် ပုံစံမျိုးစုံဖြင့် စားဝတ်နေရေးအပါအဝင် အခက်အခဲများကြားတွင် ဘုရားဝတ်ပြုနေကြသည်။

“ကိုယ့်ရဲ့ ရပ်ရွာ၊ ဒေသ ဘုရားကျောင်း မဟုတ်တဲ့နေရာမှာ ဝတ်ပြုတော့ ဝတ်ပြုကျတယ်၊ ဒါပေမဲ့ “ဟာ” နေသလို့ပဲ ဖြစ်နေကြသူတွေတော့ အများကြီး ရှိတယ်။ မပြည်စုံဘူး။ မပြည့်စုံဖူးလို့ပဲ ခံစားနေရတာပေါ့” ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆိုသည်။

ဘုရားကျောင်းအပါအဝင် ထောင်ချီသော အိမ်များ ပြာပုံအတိကျရောက်နေသော ထန်တလန်သည် “သွေး၊ ချွေးဖြင့် တည်ဆောက်သော ရွာ” မှ ဖြစ်တည်လာသော သမိုင်းရှိသည်။ ချင်းလဲန်းဒေသ၏ ခုခံတော်လှန်စစ် ပြီးပါက ထန်တလန်ကို ပြန်လည်တည်ဆောက်ကြရမည်။

ထန်တလန်နှစ်ခြင်းအသင်းတော်၏ သိက္ခာတော်ရဆရာတော်ကြီးကတော့ ယခုလိုမိန့်သည်။

“မီးရှို့တဲ့ အဖွဲ့ကို တော်လှန်တာပေါ့။ အဲဒါကြောင့် စည်းစည်းလုံးလုံးနဲ့ လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လုပ်ရအောင်လို့ ပြည်သူလူထုကို ပြောချင်တယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

September 16, 2026

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

September 16, 2026

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.