(002MG)
ချင်းပြည်နယ်၊ မင်းတပ်မြို့ နှင့် မကွေးတိုင်း ကျောက်ထုမြို့ကြားတနေရာကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက် ည ၇ နာရီဝန်းကျင်တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင်း ၅၀၀ ဗုံးနှင့် ဗုံးအသေးများအသုံးပြုကာ လေကြောင်းတိုက်ခိုက်သွား ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေမသိရှိရကြောင်း မင်းတပ်မြို့ခံတဦးကပြောသည်။
“မနေ့ညကတော့ လာတယ်မင်းတပ်မြို့ထဲတော့မဟုတ်ဘူး၊ မင်းတပ်နဲ့ကျောက်ထုကြား အရှေ့ဖက်မြို့ပြင်မှာ၊ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့ခံက ပြောသည်။
ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင်လည်း မင်းတပ်မြို့အနောက်ဘက်၊ ဘုရင့်နောင်လမ်းခွဲဖက်တွင် CDF- မင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နာရီဝက်အကြာ ပစ်ခတ်မှုရှိခဲ့ပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေတော့ မသိရှိကြောင်း မင်းတပ်မြို့ခံတစ်ဦးကပြောသည်။