(004 SS)
ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ပြီဟု စစ်ကောင်စီက ကြေညာထားသော်လည်း ယနေ့ချိန်ထိ လျှောက်ထားသူမရှိသေးကြောင်း ဟားခါးတက္ကသိုလ်နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဟားခါးတက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးက တက္ကသိုလ် ၂၃ ခုတွင် သြဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရုံးပိတ်ရက်မရှိ ဝင်ခွင့်လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကဲ့သို့ထုတ်ပြန်ပြီးနောက် ဟားခါးတက္ကသိုလ်တွင်လည်း နေ့ကျောင်းနှင့် အဝေးသင် ဝင်ခွင့်လျှောက်ထားခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့က စတင်လက်ခံခဲ့ပြီး ယနေ့ချိန်ထိ လျှောက်ထားသူ တစ်ယောက်မှမရှိသေးဘူးဟု ဟားခါးတက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“လျှောက်လွှာကို မြို့နယ်ပညာရေးမှူးရုံးမှာ ထုတ်ယူရမှာဖြစ်ပြီးတော့ လျှောက်လွှာဖြည့်ပြီးရင် တက္ကသိုလ်မှာ တင်ထားရမှာ ဖြစ်တယ်။ day ရော အဝေးသင်ရော ၂ မျိုးလုံးလျှောက်လို့ရတယ်။ လက်ရှိမှာတော့ လာလျှောက်တဲ့သူမရှိသေးဘူး။ နောက် လ ၁၂ ရက်နေ့နောက်ဆုံး လက်ခံမှာ ဖြစ်တယ်” ဟု ဟားခါးတက္ကသိုလ်နှင့် နီးစပ်သူအမျိုးသမီးက ပြောသည်။
ယခုလက်ရှိတွင် ဟားခါးတက္ကသိုလ်မှာ နေ့ကျောင်းသားအနည်းငယ်သာ တက်ရောက်နေဆဲဟုကြားသိရပြီး ပြင်ပမြို့ထဲမှ လာရောက်တက်ရောက်သူများမဟုတ်ကြဘဲ တက္ကသိုလ်ဝင်းထဲက အဆောင်နေ ကျောင်းသူ/ကျောင်းသားများသာ တက်ရောက်နေကြောင်း သိရသည်။
ဟားခါးမြို့ပေါ်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြို့စွန်ဘက်တွင်တည်ရှိသော ဟားခါးတက္ကသိုလ်တွင် စစ်ကောင်စီတပ်များ နေရာယူလေ့ရှိသောကြောင့် ထန်တလန်နှင့် ဟားခါးတက္ကသိုလ်ကြား ဖြတ်သန်းသွားလာခြင်းမလုပ်ကြရန် CDF-Hakha တပ်ဖွဲ့က ထုတ်ပြန်ထားသည်။