(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြေဖို့ ဝှက်ထားခဲ့သည့် လက်နက်များကို ပြည်သူများက လာရောက်အပ်နှံသောကြောင့် ဆုကြေးငွေများ ချီးမြင့်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားခဲ့သော MA 15 (စက်လတ်) ၁ လက်၊ RPG 7 ၁ လက်၊ MA4 ၁ လက်၊ MA 3 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများကို တာဝန်သိ ပြည်သူများက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခြင်းဖြစ်သည်ဟု ဩဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ အပ်နှံပြီး ဆုကြေး ထုတ်ယူကြရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာထားသည်။
လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်ထားသည်။
ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ်သည် မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။