(03PT)
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များတွင် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချမှုရှိနေသောကြောင့် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များတွင် စစ်ကောင်စီထုတ်ပစ္စည်းများ ရောင်းချနေကြောင်း ပြည်သူများ၏ သတင်း ပေးပို့ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (Kalay Township Peo ple’s Police) တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၂၄ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ ဘီယာဆိုင်များသို့ စစ်ဆေးရှာဖွေရာတွင် ဘီယာဆိုင် ၄ ဆိုင်တို့တွင် စစ်ကောင်စီထုတ် ဒဂုံဘီယာအရက်ဖာ ၆၀ ဖာနှင့် အရက်ဘီယာဖြန့်ဖြူးရာတွင် အသုံးပြုသော ကားနှစ်စီးတို့ကို ဖမ်းဆီးသိမ်းဆည်ခဲ့ပြီး သက်သေခံပစ္စည်များကို အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ကလေးမြို့နယ် စည်ပင်ကော်မတီအဖွဲ့ထံ အပ်နှံခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကလေးမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား ရောင်းဝယ်ဖြန့်ဖြူးဖောက်ကားခြင်း မပြုရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာအရေးယူမည်ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ယခင်အစိုးရလက်ထက်တွင် အခွန်ဆောင်ရသောလုပ်ငန်းများလုံး ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ တရားဝင်အခွန်ထမ်းဆောင်ရန်ကြရန်နှင့် ပျက်ကွက်ပါကလုပ်ထုံးလုပ်နည်း များနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိလာသော အခွန်ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရေးမူဝါဒများနှင့်အညီ သုံးစွဲလျက်ရှိပြီး ထိန်းချုပ်နယ်မြေရှိ ပြည်သူများအား ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။