(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသောကြောင့် စစ်ကောင်စီ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာပါက တိုက်ပွဲသတင်းများ၊ ထိခိုက်ကျဆုံးမှုများ၊ တိကျခိုင်လုံမှု မရှိသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခြင်းများ လုံးဝ မပြုလုပ်ကြရန် CDF – မင်းတပ်က ကြိုတင် အသိပေးထုတ်ပြန်ခဲ့သည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ အနောက်ခြမ်း နေရာများ၊ တိုက်နယ် (၁)၊ တိုက်နယ် (၃)၊ တိုက်နယ် (၄) ထဲက နေရာများ၊ မကွေးတိုင်း ကျောက်ထုနယ်စပ်အနီးက နေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပိုမိုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော် AA/ULA တို့သည် မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု သတင်းတွေ ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက် ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသောကြောင့် လူစုလူဝေးပြုလုပ်ခြင်း၊ နေအိမ်များအနီး ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ အန္တရာယ်ကင်းရန် သတင်းများကို အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများ စိတ်သောကရောက်စေသည့် သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က ယခုရက်ပိုင်းအတွင်း ထပ်မံထုတ်ပြန်ထားသည်။