(00 SV)
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာနိုင်သည့် ကျောက်ထု-မင်းတပ် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်ကို အဓိကဆက်သွယ်ထားသော လမ်းမကြီးဖြစ်သော ကျောက်ထု-မင်းတပ် လမ်မကြီးတွင် အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ဇူလိုင်လ ၉ ရက်ကစတင်၍ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပြုတော့မည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်ဟာအွမ်က ပြောသည်။
“အကြောင်းအရာက စစ်ရေးလှုပ်ရှားမှု ရှိလာနိုင်တယ်။ ကျောက်ထုဘက်နေ မင်းတပ်ကို တက်လာမယ်လို့ ယူဆတဲ့ စစ်ကြောင်းတကြောင်းရှိတယ်။ ဘာမဆို ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ အဲအတွက် အများပြည်သူတွေ လှုပ်ရှားသွားလာနေရင် ထိခိုက်မှာစိုးလို့ ပိတ်တယ်ပေါ့။ စစ်ရေးအခြေအနေကတော့ ထိပ်တိုက်တွေ့ဆုံမှုရှိရင် ပြင်းထန်လာနိုင်တယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတပ်ထဲမှ ထွက်လာသော စစ်ကောင်စီ၏ စစ်ကြောင်းတကြောင်းသည် ကျောက်ထုမြို့နယ်ထဲရှိ မြို့ပေါက်ကျေးရွာ အနောက်ဖက်နှင့် ပေါက်ခေါင်းကျေးရွာ၊ မင်းကြည်ကျေးရွာတို့တွင် ရောက်နေကြကြောင်း သိရသည်။
မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမှာ စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကလည်း ဆော-ကျောက်ထုလမ်းပိုင်ကို ခရီးသွားပြည်သူတွေ မလိုအပ်ဘဲ ခရီးသွားလာခြင်းမျိုး ရှောင်ကျဉ်ကြရန် ဇူလိုင် ၉ ရက်က အရေးပေါ် သတိပေးထုတ်ပြန်ထားသည်။
“စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းဟာ ဆောဘက်ကို ဦးတည်လာရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ ခရီးသွားပြည်သူတွေကို မထိခိုက်စေချင်တာနဲ့ အခုလို မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ထုတ်ပြန်တာပါ” လို့ ဆောနှင့် ကျောက်ထုမှာ စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဉ်တန်းများသည် ကျောက်ထုအမြောက်တပ်တွင် ရောက်ရှိနေကြပြီး ၎င်းစစ်ယာဉ်တန်းများသည် ဆောဘက်သို့ ထွက်ခွာလာနိုင်သည်ဟု သိရသည်။
ဇူလိုင်လ ၈ ရက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်၊ ဝမ်းခုန်ကျေးရွာက အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုသည် ကျောက်ထုမြို့နယ်၊ မြို့ပေါက်ကျေးရွာအနီးကို ရောက်ရှိသော စစ်ကြောင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ချင်းကာကွယ်ရေးတပ် (မင်းတပ်) တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၂၆ ရက်ကလည်း စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲပြီး စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ တစ်ရက်တည်း ဂျက်ဖိုက်တာ ၂ ဦးဖြင့် (၇) ကြိမ်ခန့် တိုက်ခိုက်ခဲ့သည်။
မင်းတပ်မြို့ပေါ်တွင်လည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေပြီး ထိခိုက်ဒဏ်ရာရရှိမှုများကို အတည်ပြု၍ မရနိုင်သေးကြောင်း သိရသည်။