(006SV)
အာဏာသိမ်းစစ်ကော်မရှင်ကဖွဲ့စည်းထားသော ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တပြည် နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗိုလ်မှူးကြီး ခင်မောင်ထွေး (ကြည်း – ၃၀၂၈၄) သည် ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ကို ခေတ္တ ဝန်ကြီးချုပ်အဖြစ် အောက်တို ဘာလဆန်းမှ စတင်၍ တာဝန်ယူထားရာ နှစ်ပတ်နီးပါးရှိလာပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် (Dr. Vung Suan Thang) သည် ကျန်းမာရေး မကောင်း၍ ဆေးကုသနေရသည်ဟု CDF – ဟားခါးနှင့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
“အဲဒီဝန်ကြီးချုပ်က ကျန်းမာရေး မကောင်းလို့ ဆေးရုံးတက်ဖို့ အောက်ပြည်ကို ဆင်းသွားတယ်။ အောက်တိုဘာလ ၅ ရက်က စစ်တပ်ရဲ့ ဟတ်စကီးနဲ့ အောက်ပြည်ဘက်ကို သွားတယ်။ လတ်တလောမှာ ဖျားလို့ ဆေးကုသဖို့ ဆင်းသွားတယ်လို့ပဲ သိထားပါတယ်” ဟု CDF – ဟားခါးမှ တာဝန်ရှိသူက ပြောသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ လုပ်ငန်းအစည်းအဝေးကို ဟားခါးမြို့ရှိ ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၁ ရက်က ကျင်းပရာ ဗိုလ်မှူးကြီး ခင်မောင်ထွေးက ခေတ္တ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ကျင်းပသည်ဟု သိရသည်။
အဆိုပါအစည်းအဝေးတွင် ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ ဝန်ကြီးများအပါအဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစစ်ကော်မရှင်က ချင်းပြည်နယ်စစ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ဝုန်ဆွန်းထန် (Dr. Vung Suan Thang) ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ခင်မောင်ထွေးကို ၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ် လျန်ထန်း၊ လူမှုရေးဝန်ကြီးအဖြစ် ဦးဝင်ဇော်ဦး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးအဖြစ် ဦးနေလင်းအောင်ကို နှင့် တိုင်းရင်း သားရေးရာဝန်ကြီးအဖြစ် ဦးစိန်လှထွန်းတို့ကို ခန့်အပ်ထားသည်။
မင်းတပ်၊ မတူပီ၊ ဟားခါးမြို့နယ်အတွင်းရှိ စာသင်ကျောင်းအပါအဝင် အစိုးရအဆောက်အဦးများကို ယခု အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသား ၅ ဦး အပါအဝင် ဒေသခံများ သေဆုံးမှု ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိသည်။
အာဏာသိမ်းစစ်တပ် ဩဇာခံ ချင်းပြည်နယ်စစ်အစိုးရသည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ပေါ်တို့ကို ထိန်းချုပ် စိုးမိုးထားပြီး ယင်းဒေသတွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန်စီစဉ်ထားကြသည်။

